Tuesday, February 6, 2018

ကျန်းမာရေးအသိပညာပေး Mobile Application(အချစ်ပုစ္ဆာ ဘ၀အဖြေရှာ) စတင်မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


မကွေး     ဖေဖော်ဝါရီ     ၅
 အချစ်ပုစ္ဆာ ဘ၀အဖြေရှာ ကျန်းမာရေးအသိပညာပေး Mobile Application မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့သည်။
 ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုတဲ့အတိုင်း အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ပဲ့ကိုင် သွားမယ့်သူတွေဟာ နိုင်ငံတော်အတွင်းက လက်ရှိလူငယ်ထုပဲဖြစ်တယ်၊နိုင်ငံတော်မှာ လူဦးရေ စုစုပေါင်းရဲ့(၃၀ ရာနှုန်း)နီးပါးဟာ အသက်(၁၀)နှစ်က (၂၄)နှစ်အတွင်းရှိလူငယ်ထုဖြစ်ပြီး အရေ အတွက် အားဖြင့်(၁၅)သန်းခန့်ရှိပါတယ်၊အဲဒီလူငယ်တွေ ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်မြင့်မားပါမှ အသိပညာ အတတ်ပညာတွေကို ကောင်းစွာလေ့လာဆည်းပူး နိုင်ပြီးတော့ အရည်အချင်းပြည့်ဝ စွာနဲ့ အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးထုဆစ် ပုံဖော်သွားနိုင်မှာဖြစ်တယ်၊ကျန်းမာရေးအသိ ပညာမြှင့်တင်ဖို့ ပထမဆုံးလိုအပ်ချက်ဖြစ်တဲ့ မှန်ကန်သော ကျန်းမာရေးသတင်း အချက်အလက် များ ရရှိစေဖို့ ရည်ရွယ်ချက်ဖြင့် Mobile Application ကို စတင်မိတ်ဆက်ခြင်းဖြစ်ပါတယ်၊ လူငယ်တွေမှာဖြစ်တတ်တဲ့ လိင်မှုဆိုင်ရာကျန်းမာရေး ပြဿနာတွေကို ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ထုံးစံအရ မိသားစုအတွင်းမှာ ဆရာနဲ့တပည့်ကြားမှာ ကျန်းမာရေးဝန်ထမ်းများနဲ့ပါ ပွင့်ပွင့်လင်း လင်း တိုင်ပင်ဆွေးနွေးဖို့ ခက်ခဲနေစဲ ဖြစ်ပါတယ်၊ ဒီအခက်အခဲတွေကို ကျော်လွန်ပြီး လူငယ်ထု လက်ထဲကို သတင်းအချက်အလက်အမှန်တွေ ရောက်ရှိသွားစေဖို့အတွက် နိုင်ငံအတွင်းမှာ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော Information Technology နည်းပညာကို အခွင့်အရေး တစ်ရပ်အဖြစ်မှတ်ယူကာ ယခုလိုမိုဘိုင်းဖုန်းကတဆင့် လူငယ်ထုပညာပေး အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်နေခြင်းဖြစ်ပါတယ်ဟု လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက ပြောသည်။
 အဆိုပါအခမ်းအနားတွင် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မင်းက ပျိုရွယ်သူမျိုးဆက်ပွား ကျန်းမာရေးနှင့် Mobile Application အကြောင်းနှင့် UNFPA မှ Mobile Application အစီအစဉ် ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
 အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ UNFPA နှင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မကွေးမြို့ပေါ်ရှိ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ဆေးရုံအုပ်ကြီးများ၊တိုင်း/ခရိုင်/မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊လူမှုရေးအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ စေတနာ့ ၀န်ထမ်းလူငယ်များ၊ သူနာပြု/သားဖွားသင်တန်းကျောင်းမှဆရာများ၊ သင်တန်းသူ/သင်တန်းသား များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment