Tuesday, February 6, 2018

ပွင့်ဖြူမြို့နယ် မလွန်ဈေးဆန်လှူတော်အသင်းမှကြီးမှူး၍ (၁၂)ကြိမ်မြောက် ဆွမ်းဆန်တော်ရေစက်ချ ဓမ္မပူဇာပွဲ ကျင်းပ




ပွင့်ဖြူ  ဖေဖော်ဝါရီ  
          မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မလွန်ဈေးဆန်လှူတော်အသင်းမှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ်မြောက် ဆွမ်းဆန်တော်ရေစက်ချ ဓမ္မပူဇာပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်၊ ယနေ့ည ၈ နာရီခွဲအချိန်က ပွင့်ဖြူမြို့ မြို့လယ်လမ်းဆုံနေရာ ယာယီအလှူခံမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
          အခမ်းအနားတွင် ရှေးဦးစွာ တက်ရောက်လာကြသည့်တရားနာပရိသတ်များက ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးပူဇော် ကန်တော့ခဲ့ကြပြီး၊ ပွင့်ဖြူမြို့နယ် ရွှေစေတီကျောင်းဆရာတော် ဦးကုဏ္ဍလက ငါးပါးသီလ ချီးမြှင့်ပေးတော်ခဲ့သည်။ ဆက်လက်၍ ရွှေစေတီကျောင်းဆရာတော် ဦးကုဏ္ဍလက ပွင့်ဖြူမြို့နယ် မလွန်ဈေးဆန်လှူတော်အသင်း၏ (၁၂)ကြိမ်မြောက် အထိမ်းအမှတ် ဆွမ်းဆန်တော် ရေစက်ချ အနုမောဒနာ နိဗ္ဗာန်ရောက်ကြောင်းတရား ဟောကြားခဲ့ရာ မလွန်ဈေးဆန်လှူတော်အသင်းမှ တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များ၊ ဆွမ်းဆန်တော်အလှူရှင်များနှင့် မြို့မိမြို့ဖများက နာကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
          ပွင့်ဖြူမြို့နယ် မလွန်ဈေးဆန်လှူတော်အသင်းအနေဖြင့် နှစ်စဉ် မန္တလေးမြို့၌ တော်သလင်းလတွင် ကျင်းပမြဲဖြစ်သည့် စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီး(၃)ရပ်နှင့် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်တို့မှ ရဟန်း၊ သာမဏေ၊ သီလရှင် များအား ကုသိုလ်ပြု လှူဒါန်းသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးအတွက် ဆွမ်းဆန်တော်များ ကုသိုလ်ပြုပါဝင်လှူဒါန်းပေးနိုင် ရေး မြို့နယ်အတွင်း ဆွမ်းဆန်တော်များ လှည့်လည်အလှူခံပြီး ကုသိုလ်ပြု ပါဝင်လှူဒါန်းပေးနေကြောင်း၊ ယခုနှစ်တွင် (၁၂)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။ ယခုနှစ် (၁၂)ကြိမ်မြောက်အတွက် ဆွမ်းဆန်တော် အလှူခံခြင်းကို ဖေဖော်ဝါရီ (၁)ရက်နေ့မှ စတင်ကာ ၁၂ ရက်နေ့အထိ ပွင့်ဖြူမြို့နယ်အတွင်း လှည့်လည်အလှူခံခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သိရပြီး၊ ဖေဖော်ဝါရီ ၆ ရက်၊ ယနေ့တွင် မြို့နယ်အတွင်း စေတနာရှင်ပြည်သူများမှ ထည့်ဝင်လှူဒါန်းသည့် ဆွမ်းဆန်တော် (၈)ပြည်ဆံ့အိတ် အလုံးရေ(၁၃၀၀)ခန့် အလှူခံရရှိခဲ့ကြောင်း သိရသည်။ ထိုသို့ ဆွမ်းဆန်တော် ထည့်ဝင်လှူဒါန်းကြသည့် စေတနာရှင်ပြည်သူများအတွက် ရည်ရွယ်၍ မြို့နယ် မလွန်ဈေးဆွမ်းဆန်တော်အသင်းကြီးမှ ဆရာတော်ကြီးများကို ပင့်ဖိတ်ပြီး ဖေဖော်ဝါရီ ၆ ရက်နေ့မှ  ၁၁ ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဓမ္မပူဇာတရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
                                                                                                                       ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment