မင်းဘူး ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ်
ကုလားပါးကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ စာပေလေ့လာဖတ်ရှုနိုင်ရေးအတွက် ကျေးရွာပြည်သူများနှင့်
Save The Children အဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ပြီးစီးခဲ့
သည့် နှလုံးလှဘဏ်တိုက် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊ ယနေ့နံနက်
၉ နာရီခွဲက အဆိုပါ ဆောက်လုပ်ပြီးစီးသည့် စာကြည့်တိုက်တွင်
ကျင်းပပြုလုပ်ရာ နှလုံးလှဘဏ်တိုက် စာကြည့်တိုက် အဆောက်အဦ ဆိုင်းဘုတ်အား ရှေးဦးစွာ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊
မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေး၊
Save The Children အဖွဲ့ တာဝန်ခံ ဦးသန်း ထွဋ်၊
ကုလားပါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချိုနှင့် စာကြည့်တိုက်ကော်မတီဥက္ကဌ ဦးမင်းမင်းစိုးဦးတို့က
ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက်
အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းနှင့် မင်းဘူး(စကု)မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးအရာရှိ ဦးသန်းဌေးက အောင်မြင်စွာ ဆောင်ရွက်ပြီးစီးသည့်
နှလုံးလှဘဏ်တိုက် စာကြည့်တိုက်အဆောက်အဦအား စံ(၅)ရပ် နှင့် အညီ ရေရှည်တည်တံ့ခိုင်မြဲအောင်
ကျေးရွာရှိ တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့်
စာကြည့်တိုက်သို့ လာရောက်ပြီး စာပေအသိပညာဗဟုသုတ ဝမ်းစာကြွယ်ဝစေရေး စာပေများကို လေ့လာဖတ်ရှုကြရန်
ရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ Save The Children အဖွဲ့ တာဝန်ခံ ဦးသန်းထွဋ်က မြို့နယ်အတွင်း
Save The Children အဖွဲ့၏ ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများနှင့်
စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဒေသခံရပ်မိရပ်ဖများကိုယ်စား
ကုလားပါးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ချိုက စာကြည့်တိုက်အဆောက်အဦ အောင်မြင်စွာ
အကောင်အထည်ဖော် ဆောင်ရွက် နိုင်မှုအပေါ် ဝမ်းသားပီတိစကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာစာကြည့်တိုက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးဝင်းဝင်းနှင့် Save The Children အဖွဲ့ ဒုတိယတာဝန်ခံ ဒေါ်ဇင်မာလွင်၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးတို့က စာကြည့်တိုက်ကော်မတီဝင်များထံ
သုတရသ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ကုလားပါးကျေးရွာ
နှလုံးလှဘဏ်တိုက် စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားသို့ မင်းဘူး(စကု)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ် ဦးဝင်းဝင်း၊ မင်းဘူး(စကု)မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မင်းဘူးခရိုင်ပြန်ဆက်ဦးစီးဌာန
ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးနှင့် ဝန်ထမ်း များ၊ ဖိတ်ကြားထားသည့်ဌာနဆိုင်ရာများမှ
တာဝန်ရှိသူများနှင့် ဒေသခံရပ်မိရပ်ဖများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရပြီး၊ ကုလားပါးကျေးရွာ
တွင် ဆောက်လုပ်ပြီးစီးသွားသည့် နှလုံးလှဘဏ် စာကြည့်တိုက်မှာ အလျား(၄၀)ပေ၊ အနံ(၂၀)ပေ၊
အမြင့်(၁၅)ပေ ခန့်ရှိပြီး၊ သွပ်မိုး၊ အုတ်ကာ ၊ တမံသလင်းခင်း အမျိုးအစားဖြစ်ပြီး စာပေလေ့လာဖတ်ရှုနိုင်ရေး
သုတရသ စာအုပ်စာစောင် (၁၀၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။
ရဲဝင်းနိုင်
(ညောင်ဦး)
0 comments:
Post a Comment