Wednesday, February 21, 2018

ပွင့်ဖြူမြို့နယ်တွင် မျိုးသန့်မျိုးပွား စံပြကွက်စိုက်ပျိုးတောင်သူများအား မျိုးစပါးများ ထောက်ပံ့ပေးအပ် ။


ပွင့်ဖြူ   ဖေဖော်ဝါရီ   ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှ ကျေးလက်နေတောင်သူများအား လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းဖြင့် တောင်သူဝင်ငွေ ပိုမိုရရှိစေရန်အတွက်ရည်ရွယ်၍ မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်နည်းပညာများကို စဉ်ဆက်မပြတ် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပြီး၊ ဖေဖော်ဝါရီ ၂၀ ရက်၊ ယမန်နေ့ မွန်းလွဲ  ၂  နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဇီးတောကျေးရွာအုပ်စုမှ မျိုးသန့်မျိုးပွား စံပြကွက်(၂၅)ဧက စိုက်ပျိုးတောင်သူ ၁၄ ဦးအား မျိုးစပါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ မျိုးစပါးထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ဇီးတောကျေးရွာအုပ်စုမှ မျိုးသန့်မျိုးပွား စံပြကွက် စိုက်ပျိုးတောင်သူ (၁၄)ဦးအား မျိုးစပါးထောက်ပံ့ပေးအပ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့် မျိုးသန့်မျိုးပွားစပါးများ စိုက်ပျိုးရာတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများက ဇီးတောကျေးရွာအုပ်စုမှ မျိုးသန့်မျိုးပွား စံပြကွက်(၂၅)ဧက အတွက် စိုက်ပျိုးတောင်သူ (၁၄)ဦးအား တစ်ဧကလျှင် ပြည်တော်ရင် မျိုးသန့်မျိုးပွား မျိုးစေ့ (၁)တင်းခွဲနှုန်း ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment