Wednesday, February 21, 2018

ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာတွင် တောင်သူပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက် ။

ပွင့်ဖြူ   ဖေဖော်ဝါရီ   ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်(မြေ ၊ မျိုး ၊ ပိုး)တာဝန်ခံ ဝန်ထမ်းများအဖွဲ့သည် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ လိုက်ပါ၍ ဖေဖော်ဝါရီ  ၂၀ ရက်၊ ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူ မြို့နယ် အင်းကျေးရွာ ဓမ္မာရုံသို့ သွားရောက်ပြီး ကျေးလက်နေ ဒေသခံတောင်သူများအား တောင်သူပညာပေး ဟောပြောဆွေးနွေးပွဲ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူအသိပညာပေး ဟောပြောဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ် အင်းဒေါင်းကျေးရွာနှင့် မုန်းမြင့်ကျေးရွာတို့မှ ဒေသခံ တောင်သူ(၁၀၂)ဦး တက်ရောက်ခဲ့ကြပြီး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ခင်နွဲ့ရီက သီးနှံစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းဖြင့် တောင်သူအကျိုးအမြတ် ပိုမိုရရှိနိုင်မှုအကြောင်းကိုလည်းကောင်း ၊ ခရိုင်မြေအသုံးချရေး တာဝန်ခံ ဒေါ်နုနုစိန်က မြေဆီလွှာ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရန် ထိန်းသိမ်းကာကွယ်ရမည့်နည်းလမ်းများနှင့် သဘာဝ မြေဩဇာ ပြုလုပ် သုံးစွဲခြင်းဖြင့် မြေဆီဆုံးရှုံးမှု လျော့နည်းစေသည့် နည်းလမ်းများကိုလည်းကောင်း၊ ခရိုင်ပိုးမွှားတာဝန်ခံ ဦးသိန်းဝင်းက သီးနှံစိုက်ခင်းများ၌ သီးနှံပိုးမွှားရောဂါ ဝင်ရောက်မှု လျော့နည်းစေရန် ကြိုတင်၍ ဖြေရှင်းဆောင်ရွက်ရမည့်နည်းစနစ်များကိုလည်းကောင်း ကဏ္ဍအလိုက် ပညာပေးရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ကြသည်။ ထို့နောက် ဒေသခံတောင်သူများက မိမိတို့ သိရှိလိုသည့်အချက်များကို မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။   ရဲဝင်းနိုင် (ညောင်ဦး)


0 comments:

Post a Comment