Wednesday, February 21, 2018

အေးချမ်းသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ မင်းဘူးခရိုင် ပြန်ဆက်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ် ။ ရဲဝင်းနိုင် (ညောင်ဦး)

မင်းဘူး    ဖေဖော်ဝါရီ   ၂၂

ပြန်ကြားရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ နိုင်ငံတစ်ဝန်းရှိ သဘာဝအလှအပရှုခင်းများ၊ သမိုင်းဝင် အထင်ကရနေရာများ၏ ရှုမောဖွယ်ရာ သဘာဝအလှတရားများ၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ သဘာဝအလှအပများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို ပြည်သူများ လေ့လာသိရှိ နိုင်စေရန်နှင့် ခရိုင်ရုံးပြည်သူ့စာကြည့်တိုက်အား ပြည်သူများ အကျွမ်းတဝင် ဝင်ထွက်သွားလာပြီး စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိကာ စာဖတ်သူများ တိုးပွားလာစေရန်တို့ကို ရည်ရွယ်၍ ကျင်းပပြုလုပ်သည့် အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၂ ရက်၊ ယနေ့နံနက် ၁၀ နာရီက မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများနှင့် မင်းဘူးမြို့၊ ပညာ့အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများအဖွဲ့က ခင်းကျင်းပြသထားသည့် နိုင်ငံတစ်ဝန်းရှိ အေးချမ်းသာယာ ပြည်မြန်မာ ရောင်စုံမှတ်တမ်းဓာတ်ပုံများကို စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြပြီး၊ ပြသထား သော သုတရသ စာအုပ်စာစောင်များကို အားပါးတရ ဖတ်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ပညာ့အလင်းရောက် ကိုယ်ပိုင် အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူအချို့က ခရိုင်ရုံး (MUSEUM)ပြတိုက်ငယ်တွင် ခင်းကျင်းပြသထားသည့် ချင်းတိုင်းရင်းသားများ၏ အသုံးအဆောင်ပစ္စည်းများ၊ ပျူခေတ် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် မင်းဘူး(စကု)မြိ့နယ်ဆိုင်ရာ သမိုင်းအထောက်အထားများကို လေ့လာကြည့်ရှုခဲ့ပြီး၊ ပြည်သူ့စာကြည့်တိုက်တွင် စာငှား အသင်းဝင်ကတ်များ ပြုလုပ်ကြကာ ကြိုက်နှစ်သက်ရာ သုတရသစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရှိရပါသည်။   ရဲဝင်းနိုင် (ညောင်ဦး)


0 comments:

Post a Comment