Sunday, February 4, 2018

ကွန်ပျူတာတက္ကသိုလ်(မကွေး)တွင် န၀မအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ




မကွေး     ဖေဖော်ဝါရီ    
          ကွန်ပျူတာတက္ကသိုလ်(မကွေး) န၀မအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီက ကွန်ပျူတာတက္ကသိုလ်(မကွေး)ခန်းမဘွဲ့အပ်နှင်းပွဲ အစီအစဉ် များအတိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အမိတက္ကသိုလ်ကမွေးထုတ်ပေးလိုက်တဲ့ မောင်တို့မယ်တို့အနေနဲ့ သတင်းအချက်အလက် နှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍမှာ နိုင်ငံတော်က အားကိုးအားထားပြုရတဲ့ ပညာရှင်များဖြစ်ဖို့ လိုသလို မိမိတိုင်းပြည်ကို ချစ်မြတ်နိုးတန်ဖိုးထားတဲ့စိတ် ကိုယ့်လူမျိုးကို ချစ်တတ်သည့် စိတ်တွေ ရှိကြဖို့လည်း အထူးလိုအပ်ပါတယ်၊မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တိုင်းရင်းသားပြည်သူအားလုံး၏ လူနေမှုအဆင့်အတန်းမြင့်မားရေးနှင့် မိမိတို့၏ မျိုးဆက်သစ်နောင်လာနောက်သားများ လက်ထက် အထိ ရေရှည်အကျိုးဖြစ်ထွန်းရေးအတွက် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကြိုးပမ်းအားထုတ်ကြရမှာ ဖြစ်ပါတယ်၊ ယနေ့ချီးမြှင့်လိုက်တဲ့ ဘွဲ့ဒီဂရီအသီးသီးဟာ မောင်မယ်တို့ကို ကွန်ပျူတာပညာရှင်များ အဖြစ် စတင်အမှတ်သညာ ပြုလိုက်ခြင်းသာဖြစ်တယ်၊ မောင်မယ်တို့အနေနဲ့ ရရှိထားပြီးဖြစ်တဲ့  ဘာသာရပ်ဆိုင်ရာ အခြေခံကောင်းများအပေါ်မူတည်ပြီး အလုပ်ခွင်မှာ လက်တွေ့အသုံးချနိုင် အောင် ဆက်လက် ကြိုးစားသွားကြဖို့လလိုပါတယ်၊ရရှိထားပြီးသော ပညာမျှနှင့်ပင် တင်းတိမ်မနေ ဘဲ ပညာကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြပါလို့ အလေးအနက်မှာကြားလိုပါတယ်ဟု ယနေ့ကျင်းပတဲ့ န၀မအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားမိန့်ခွန်းတွင် ကွန်ပျူတာတက္ကသိုလ် (မကွေး) ကျောင်းအုပ်ကြီး ဒေါက်တာ စိုးလင်းအောင်က  ထည့်သွင်းပြောသည်။
          ကွန်ပျူတာတက္ကသိုလ်(မကွေး)အနေဖြင့် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်တည် ထောင်ခဲ့သည့် ၂၀၀၀ ခုနှစ်မှစတင်၍ ၂၀၁၇ ခုနှစ်အထိ ကွန်ပျူတာဒီပလိုမာနှင့်ဘွဲရ စုစုပေါင်း (၂၇၇၅)ဦးမွေးထုတ်ပေးခဲ့ပြီး န၀မအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် တက်ရောက်(၄၇)ဦး နှင့် အဝေးရောက်(၅)ဦး စုစုပေါင်း(၅၂)အား ကွန်ပျူတာသိပ္ပံ(ဂုဏ်ထူး)ဘွဲ့၊ကွန်ပျူတာသိပ္ပံဘွဲ့နှင့် ကွန်ပျူတာနည်းပညာဘွဲ့ အသီးသီးကို ချီးမြှင့်အပ်နှင်းပေးခဲ့ကြောင်း သိရသည်။
          သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment