Monday, February 5, 2018

ကျေးရွာအခြေပြု စာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းခြင်းနှင့် စာကြည့်တိုက်မှူးများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ




မင်းဘူး        ဖေဖော်ဝါရီ   
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Save The Children အဖွဲ့ တို့ ပူးပေါင်း၍ မြို့နယ်အတွင်း ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာများကို ကျေးရွာစာကြည့်တိုက်မှူးများ ကောင်းစွာသိရှိနားလည်ပြီး စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်တို့ကို ရည်ရွယ်၍ ပြုလုပ်သည့် ကျေးရွာအခြေပြု စာကြည့်တိုက်များသို့ စာအုပ်များပေးအပ်လှူဒါန်းခြင်းနှင့် စာကြည့်တိုက်မှူးများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၅ ရက်၊ ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
          အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအချိန်တွင် မိမိတို့ပြန်ဆက်ဦးစီးဌာနနှင့် Save The Children အဖွဲ့တို့ ပူးပေါင်း၍ ကျေးရွာများတွင် စာကြည့်တိုက်များဖွင့်လှစ်ထားရှိပြီး ကျေးလက်နေပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားလာ စေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်များ အချင်းချင်း အပြန်အလှန် ချိတ်ဆက်ကာ စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တွေ့ကြုံရသည့် အခက်အခဲများကို အကြံပြုဆွေးနွေး ပေးကြရန်နှင့် အောင်မြင်နေသော စာကြည့်တိုက်များကို နမူနာယူ၍ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုနည်း တူစွာ ယခုတက်ရောက်လာကြသည့် ကျေးရွာစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအနေဖြင့် မိမိတို့ရပ်ရွာဖွံ့ဖြိုးတိုက် တက်လာစေရေး လူကြီး၊ လူလတ်ပိုင်း၊ လူငယ်များအပြင် ကျောင်းနေ အရွယ်ကလေးများကို စာဖတ်သည့် အလေ့အကျင့် ကောင်းများ ရရှိစေရန် ပြုစုပျိုးထောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေး စာငှားစနစ်များ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပြီး စာအုပ်စာစောင် တိုးပွားရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လမ်းညွှန်ပြောကြားခဲ့သည်။ ဆက်လက်၍ Save The Children အဖွဲ့မှ စီမံကိန်းအရာရှိ ဦးသန်းထွဋ်က မြို့နယ်အတွင်း ဆောင်ရွက်နေသည့် Save The Children အဖွဲ့၏ လုပ်ငန်းများ အကြောင်းကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာစာကြည့်တိုက်မှူးများက တစ်ဦးချင်းအလိုက် မိတ်ဆက်ခဲ့ကြပြီး လတ်တလော ဆောင်ရွက်နေသည့် စာကြည့်တိုက်လုပ်ငန်းများအကြောင်းကို ရှင်းလင်း တင်ပြခဲ့ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။  ယင်းနောက် ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေး၊ Save The Children အဖွဲ့မှ စီမံကိန်းအရာရှိ ဦးသန်းထွဋ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ကျေးရွာများမှ စာကြည့်တိုက်မှူးများထံ သုတရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း  သိရသည်။
            အဆိုပါအခမ်းအနားသို့ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဌေးနှင့် ၀န်ထမ်းများ၊ Save The Children အဖွဲ့မှ စီမံကိန်းအရာရှိ ဦးသန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ကျေးရွာ ပေါင်း(၃၀)မှ တာဝန်ခံ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  ရဲဝင်းနိုင်(ညောင်ဦး)

0 comments:

Post a Comment