Sunday, February 4, 2018

ပခုက္ကူမြို့နယ်၌ စာကြည့်တိုက်ဖွင့်ပွဲနှင့်ပညာရေးစုံညီပွဲတော်ကျင်းပ




ပခုက္ကူ  ဖေဖော်ဝါရီ ၃
          ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာ၌ စာကြည့်တိုက်ဖွင့်ပွဲနှင့်ပညာရေးစုံညီပွဲတော်ကို ဖေဖော်ဝါရီလ ၃ရက် နံနက် ၉နာရီအချိန်က ကျင်းပသည်။ 


          ရှေးဦးစွာ ပခုက္ကူမြို့နယ်၊ မြို့စိုးကျေးရွာရှိ လူငယ်ရှေ့ဆောင်စာကြည့်တိုက်ကို ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေ၊ မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက် နာယက ဦးရဲထွဋ်၊ Save the Children မှ ပညာရေးစီမံကိန်းတာဝန်ခံ ဒေါ်သူဇာစိုးနှင့် စာကြည့်တိုက်ကော်မတီဥက္ကဌတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ကြပြီး စာကြည့်တိုက်အဆာက်အဦးနှင့်လိုအပ်သော စာအုပ်စာစောင်၊ ပရိဘောဂလှူဒါန်းသူများအား ဂုဏ်ပြု လွှာများပေးအပ်ကြသည်။ ဆက်လက်၍ ပခုက္ကူခရိုင်ပြန်/ဆက်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေက စာကြည့် တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအကြောင်းကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက် နာယက ဦးရဲထွဋ်က လူငယ်နှင့်စာပေအကြောင်း ကိုလည်းကောင်း၊ Save the Children မှ ပညာရေးစီမံကိန်းတာဝန်ခံ ဒေါ်သူဇာစိုးက အဖွဲ့၏လုပ်ဆောင်ချက်များ အကြောင်းကိုလည်းကောင်း၊စာကြည့်တိုက်ကော်တီဥက္ကဌက လူငယ် ရှေ့ဆောင်စာကြည့်တိုက်အတွက် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားကြသည်။

          ထို့နောက် ပညာရေးစုံညီပွဲတော်ကိုဆက်လက်ကျင်းပရာ မြို့စိုးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ကျော် အဖွင့်အမှာစကားပြောကြားပြီး အ.မ.က(၁၆၉) မြို့စိုး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသင်းက ပညာရေးစုံညီ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်အကြောင်းပြောကြားသည်။ ဆက်လက် ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင်ထူးချွန်ဆု ရရှိသည့်ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

          အလားတူ ပခုက္ကူမြို့နယ်၊ တန့်ကြည့်ရွာတွင်လမ်းပြကြယ်စာကြည့်တိုက်ကို ပခုက္ကူခရိုင်ပြန်/ဆက် ဦးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမေ၊ Save the Children မှ ပညာရေးစီမံကိန်းတာဝန်ခံ ဒေါ်သူဇာစိုးနှင့် ကျေးရွာအုပ်ချုပ်ရေး မှူး တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။ အဆိုပါ မြို့စိုးကျေးရွာ၊ လူငယ်ရှေ့ဆောင်စာကြည့်တိုက်နှင့်တန့်ကြီးရွာ လမ်းပြကြယ်စာကြည့်တိုက်တို့ကို Save the Children မှ လိုအပ်သော စာအုပ်၊စာစောင်များ၊ ပရိဘောဂများနှင့် စာကြည့်တိုက်သုံးပစ္စည်းတို့ကိုကူညီထောက်ပံ့ခြင်းဖြစ်ကြောင်းသိရသည်။
                                                ဆလိုင်းကိုကီး

0 comments:

Post a Comment