Sunday, February 4, 2018

ဂန့်ဂေါတွင် ကုလားပဲကို ဆောင်းသီးနှံအဖြစ် ပိုမိုစိုက်ပျိုးလာ




ဂန့်ဂေါ ဖေဖော်ဝါရီ ၃
          ဂန့်ဂေါမြို့နယ်တွင် ကုလားပဲသီးနှံကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမှု ယခင်နှစ်များကထက် ပိုမိုများပြား လာပြီး မိုးစပါးအပြီး လယ်သီးထပ်အဖြစ်လည်းကောင်း၊ မိုးစပါမရိတ်သိမ်းမီ ရက်၂၀ ခန့်အလိုတွင် စပါးပင်များကြား ကုလားပဲစေ့များကို ကြဲပက်ထားပြီး စပါးရိတ်ချိန်တွင် ကုလားပဲပင်များ သန်မာဖွံ့ဖြိုး လာစေ သည့် ရေလိုက်ကြဲသည့်စနစ်ဖြင့် လက်ဆင့်ကမ်းသီးနှံအဖြစ်လည်းကောင်း စိုက်ပျိုးကြသည်ကို တွေ့ရသည်။

          ယခင်နှစ်များက ဂန့်ဂေါမြို့နယ်အတွင်း ကုလားပဲစိုက်ဧက ၄၆၀ ခန့်သာ ရှိခဲ့ပြီး ယခုနှစ်ဆောင်းရာသီ တွင် ဧက ၇၈၃ ဧကအထိ တိုးချဲ့စိုက်ပျိုးကြကြောင်းနှင့် ထိုသို့ စိုက်ပျိုးရာတွင် ICCV 2၊ ICCV 88202 နှင့် 92944 မျိုးများကို စိုက်ပျိုးလာကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။ 

          ကုလားပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် တောင်သူများနဲ့ တွေ့ဆုံပြီး ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးနည်းပညာများအကြောင်းနဲ့ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ ကုလားပဲမျိုးများကို ရွေးချယ်စိုက်ပျိုးကြရေးတို့ကို  မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းရှင်းလင်းဆွေးနွေးပွဲတွေ ဆောင်ရွက်ပါတယ် ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment