Thursday, February 8, 2018

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် လယ်မြေများအား မူလတောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ ။ ရဲဝင်းနိုင် (ညောင်ဦး)

ပွင့်ဖြူ    ဖေဖော်ဝါရီ    ၉

မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာအုပ်စု၊ စံပြ ကျေးရွာနှင့် ဘုရားကုန်းကျေးရွာရှိ လယ်မြေဧက(၁၃.၀၄)ဧက အား သက်ဆိုင်ရာ မူလတောင်သူများထံသို့ လွှဲပြောင်းအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်၊ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။ 

အခမ်းအနားတွင် ရှေးဦးစွာ မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့်လယ်မြေများကို သက်ဆိုင်ရာ မူလတောင်သူများထံ ပြန်လည်လွှဲပြောင်းအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေထံသို့ လယ်ယာမြေ ပုံစံ(၇)များကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာအုပ်စု၊ စံပြကျေးရွာနှင့် ဘုရားကုန်းကျေးရွာတို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် လယ်မြေဧက(၁၃.၀၄)ဧက အား မူလ ပိုင်ဆိုင်သည့် တောင်သူ(၁၀)ဦးထံသို့ လွှဲပြောင်းပေးအပ်ရာ တောင်သူများမှ တစ်ဦးချင်းအလိုက် လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။ 

အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြန်လည်စွန့်လွှတ်သည့် လယ်မြေဧက (၁၃.၀၄)ဧကအား မူလတောင်သူများ ထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ပွင့်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ရပ်/ကျေး စာရေး ဝန်ထမ်းများ၊ မူလ လယ်မြေပိုင်ဆိုင်သည့်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)


0 comments:

Post a Comment