မင်းဘူး ဖေဖော်ဝါရီ ၁၁
မင်းဘူးမြို့ စက္ကိန်းတဲစေတီတော်တွင် ရုံးပိတ်ရက်သုံးရက်နှင့်
ကျောင်းပိတ်ရက် လေးရက်တာကာလ အတွင်း နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း
သိရှိရသည်။
''
ကျွန်တော်က ဂေါပက အဖွဲ့မှာ စာရင်းစစ် ဖြစ်ပါတယ်၊ စက္ကိန်းတဲ စေတီတော်ကို ရပ်ဝေး ဘုရားဖူးပြည်သူတွေအတွက် ညအိပ်လည်း တည်းခိုလို့ရတယ်၊
ပြီးတော့ ရင်ပြင်တော်ပေါ်မှာ ခုဆိုရင် ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာစွာ ဘုရားဖူးလို့ရအောင်
ကျွန်တော်တို့က ပျံကြဈေးသည်တွေကို တက်ခွင့်မပေးတော့ပါဘူး၊ ပိုက်ဆံတောင်းတဲ့သူတွေလည်း
ဘုရားပေါ်ကို လုံးဝ အတက်မခံတော့ဘူး၊ ဆိုင်ခန်းတွေလည်း စနစ်တကျ သတ်မှတ်ထားတဲ့ နေရာမှာပဲ
ရောင်းချခွင့် ပြုထား ပါတယ်၊ ရင်ပြင်တော် မြောက်ဘက်မှာ ကားရပ်နားဖို့အတွက် ပေ ၂၀၀ ပတ်လည် ရှိတဲ့ ကားရပ်နားကွင်းကိုလည်း တိုးချဲ့စီစဉ် ထားပါတယ်၊
ရေလောင်းအိမ်သာအသစ်တွေလည်း တိုးချဲ့ ဆောက်လုပ်ထားပါတယ်၊ နောက်ပိုင်းမှာ ကားကြီးတွေကို
အတက်မခံတော့ဘူး၊ ရင်ပြင်တော်ပျက်စီးလို့ပါ၊ အောက်မှာပဲ ကားကြီးတွေ ရပ်နားဖို့ စီစဉ်သွားမှာ
ဖြစ်ပါတယ်'' ဟု ဦးတင်ဇော်ထွေး က ခုလိုပြောကြားသည်။
"ကျွန်တော်က
စစ်မှုထမ်းဟောင်း ဖြစ်ပါတယ်၊ အမျိုးသမီးက ပညာရေးဌာနကပါ၊ ကျောင်းဆရာမတွေနဲ့ စုပြီးလာကြတာပါ၊
ကျွန်တော်တို့ စနေနေ့ မနက်မှာ ဇီးကုန်းကနေထွက်လာတာ၊ ပြည်ကနေ အနောက်ဘက်ကမ်းကူးပြီးတော့မှ
ပုသိမ်-မုံရွာ လမ်းအတိုင်း ရွှေစက်တော်ကို သွားတာ မနေ့က ည၁၁ နာရီလောက် ရွှေစက်တော်ကို
ရောက်ပါတယ်၊ ဒီမနက် ခြေတော်ရာဝင်ဖူးပြီးမှ စက္ကိန်းတဲကို ထွက်လာတာပါ၊ ဒီကနေဆက်ပြီး ကျွန်တော်တို့
မကွေးမြသလွန်ကို ဆက်ပြီးသွားမှာပါ" ဟု စစ်မှုထမ်းဟောင်း ဦးတိုးဝင်းဇော် က ခုလိုပြောကြားသည်။
''ကျွန်တော်က
သစ်ထုတ်လုပ်ရေး အငြိမ်းစားဝန်ထမ်းပါ၊ သရက်မြို့ကလာတာပါ၊ ကလေးတွေ ကျောင်းပိတ်ရက်ကြောင့်
ခုလိုလာဖြစ်သွားတာပါ၊ ခုကောဆိုရင် စက္ကိန်းတဲဘုရားကို ရောက်တာ သုံးခေါက်ရှိပါပြီ၊ အရင်ထက်စာရင်
ခု လမ်းတွေလည်း တအားကောင်းသွားတယ်၊ ဒီကနေ ရွှေစက်တော်ကို ဆက်သွားမှာပါ၊ ရွှေစက်တော်မှာ
မိသားစု တစ်ညအိမ်ပြီးမှ ကျောင်းဖွင့်ရက်အမှီ
ပြန်ကြမှာပါ '' ဟု သစ်ထုတ်လုပ်ရေး အငြိမ်းစား ၀န်ထမ်း ဦးညီညီ က ခုလိုပြောကြားသည်။
''
ကျွန်တော်က ပွဲရုံဝန်ထမ်းတစ်ဦးပါ၊ မကွေးမှာနေတာပါ၊ ရပ်ဝေးက မိတ်ဆွေသူငယ်ချင်းတွေကို
လိုက်ပို့ရင်း ဘုရားလာဖူးဖြစ်တာပါ၊ အရင်တုန်းက ရောက်ဖူးပါတယ်၊ ခုကျတော့ အရင်ကနဲ့ အရမ်းကွာခြား
သွားတယ်၊ အရင်က သွားရင်လာရင် ကျပ်ကျပ်တည်းတည်းနဲ့ သွားရတာ၊ ခုဆိုရင် ယာဉ်ရပ်နားစခန်းလည်း
ရှိတော့ ပိုပြီးအဆင်ပြေပါတယ်'' ဟု ကိုဟန်ဌေးက ခုလိုပြောကြားသည်။
''ကျွန်မက
စက္ကိန်းတဲဘုရားမှာ ဈေးရောင်းတာပါ၊ ဒေသထွက်ကုန်တွေကို ကိုယ်တိုင်လုပ် ရောင်းတာပါ၊ ဒီနှစ်မှ
အဒေါ်ဆိုင်ခန်းမဲပေါက်လို့ အဒေါ်နဲ့ လာရောင်းဖြစ်တာပါ၊ အရင်ရက်တွေကဆိုရင် ရောင်းမကောင်းဘူး၊
ငုတ်တုတ်ထိုင်နေရတာ၊ ခုလို ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာ ဘုရားဖူးတွေ လာရောက်ကြတဲ့အတွက်
တအားရောင်းကောင်းပါတယ်၊ အများဆုံးဝယ်တာကတော့ အညာလက်ဆောင် ပြောင်းဖူးစိကြော်နဲ့ မြေပဲရွကြော်တွေ
ဝယ်သွားတာများပါတယ်'' ဟု မငြိမ်းငြိမ်း က ခုလိုပြောကြားသည်။
မန်းရွှေစက်တော်
ဘုရားပွဲတော်ကာလအတွင်း ရုံးပိတ်ရက် သုံးရက်တာကာလတို့တွင် မင်းဘူးမြို့ စက္ကိန်းတဲဘုရားနှင့်
နဂါးပွက်တောင်တော် တို့၌ ဘုရားဖူးပြည်သူများ၊ ဘုရားဖူးလာရောက်သည့် ၀န်ထမ်းများ ဖြင့်
စည်ကား လျက် ရှိကြောင်း သိရှိရပါသည်။
သတင်းရေးသားပေးပို့သူ
- မျိုးမြတ်(မင်းဘူး) ၊ ဓါတ်ပုံ- ဇော်ဇော်အောင်
0 comments:
Post a Comment