Thursday, February 1, 2018

ဆေးတက္ကသိုလ်ကျောင်းဆင်း ကျောင်းသားကျောင်းသူများအဖွဲ့ ပွင့်ဖြူမြို့သို့ လာရောက်ပြီး လူထုကျန်းမာရေး ပညာပေး ဟောပြောပွဲနှင့် ဆီးချိုသွေးချို ရောဂါဖြစ်ပွားမှုအခြေအနေအား စစ်တမ်းကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်




ပွင့်ဖြူ  ဖေဖော်ဝါရီ 
          မန္တလေးမြို့နှင့် မကွေးမြို့ ဆေးတက္ကသိုလ်တို့မှ ကျောင်းဆင်းပြီးဖြစ်သည့် ဆေးကျောင်းသား ကိုဝင်းခန့်အောင် ဦးဆောင်သော ဆေးကျောင်းသား(၃၅)ဦးအဖွဲ့သည် ဖေဖော်ဝါရီ ၁ ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့ သက်တော်ရှည် ရပ်ကွက် ဓမ္မာရုံသို့ လာရောက်ပြီး ရပ်ကွက်နေပြည်သူများအား လူထုကျန်းမာရေးဟောပြောခြင်းနှင့် အသက်(၄၀)နှစ်အထက် သက်ကြီးရွယ်အိုများကို ဆီးချို၊ သွေးချိုရောဂါ စစ်တမ်းကောက်ယူခြင်းများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
          ကျွန်တော်တို့ ဆေးကျောင်းသားတွေက မန္တလေးဆေးတက္ကသိုလ်နဲ့ မကွေးဆေးတက္ကသိုလ်က ကျောင်းပြီးထားတဲ့ ဆေးကျောင်းသားအဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကို ကိုဝင်းခန့်အောင်က ဦးဆောင်ပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၅)ဦး ရှိပါတယ်။ အခု လာရောက်တဲ့အစီအစဉ်ကတော့ ပွင့်ဖြူမြို့မှာရှိတဲ့ မြို့မိမြို့ဖတွေကို လူထုကျန်းမာရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ဖို့နဲ့ အသက်(၄၀)နှစ်အထက် သက်ကြီးရွယ်အိုတွေကို ဆီးချို၊ သွေးချိုရောဂါဖြစ်ပွားအခြေအနေ စာရင်း ပြုစုတင်ပြနိုင်ရေးအတွက် ဆီးချို၊ သွေးချိုရောဂါ စစ်တမ်းကောက်ယူမှုတွေ ဆောင်ရွက်ဖို့အတွက် စုရပ်နေရာအဖြစ် ပွင့်ဖြူမြို့ သက်တော်ရှည်ရပ်ကွက်ဓမ္မာရုံကို လာရောက်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကတော့ ပွင့်ဖြူမြို့ မှာရှိတဲ့ ဒေသခံပြည်သူတွေ ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတတွေကို ကောင်းစွာသိရှိနားလည်ပြီး သက်တမ်းစေ့ အသက်ရှင်နေထိုင်သွားနိုင်စေရန်နှင့် အသက်(၄၀)နှစ်အထက် သက်ကြီးရွယ်အိုတွေမှာ ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ရှိတဲ့အတွက် ဆီးချို၊ သွေးချိုရောဂါရှိနေတဲ့ လူဦးရေစာရင်းများကို စစ်တမ်းကောက်ယူပြီး အထက်အဆင့်ဆင့် တင်ပြဆောင်ရွက် ပေးခြင်းအားဖြင့် မြို့ပေါ်မှာရှိတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဒေသန္တရကျန်းမာရေးဆေးခန်းတွေအနေနဲ့ ဒေသခံပြည်သူများ ကို အနီးကပ်ကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်းတွေ ဆောင်ရွက်ပေးရာမှာ ပိုမိုထိရောက်မှုရှိတဲ့ အကျိုးကျေးဇူးတွေ ရရှိစေဖို့ အတွက် ရည်ရွယ်ပြီး ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ အခုလို ကွင်းဆင်းဆောင်ရွက်တဲ့ ကျွန်တော်တို့ဆေးကျောင်းသားအဖွဲ့ကို လည်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာမတွေက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးတာဖြစ်လို့ အားလုံးအဆင်ပြေပါတယ်ဗျ။ ဒါ့အပြင် နောက်နေ့တွေမှာ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ရွေးချယ်ထားတဲ့ စာသင်ကျောင်းတွေ ကို ကျောင်းကျန်းမာရေးစစ်ဆေးကုသခြင်းနဲ့ ကျေးရွာတွေကို လူထုကျန်းမာရေး အသိပညာပေးဟောပြောပွဲတွေ ကွင်းဆင်း ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု အဆိုပါ ဆေးကျောင်းသားအဖွဲ့မှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးဝင်းခန့်အောင်က ပြောပြ၍ သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment