Sunday, January 28, 2018

ပခုက္ကူတက္ကသိုလ်၌ ပထမနှစ်ချင်းတက္ကသိုလ်ကျောင်းသား/သူများမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ




ပခုက္ကူ  ဇန်နဝါရီ ၂၇
          ပခုက္ကူတက္ကသိုလ်၊ ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး၍ ၂၀၁၇-၂၀၁၈ပညာသင်နှစ်၌ ပခုက္ကူ တက္ကသိုလ်တွင် ပညာသင်ယူကြမည့် ပထမနှစ်ချင်းတက္ကသိုလ်ကျောင်းသား/သူများမောင်မယ်သစ်လွင်ကြိုဆိုပွဲကို အဆိုပါကျောင်း၊ ကျွန်းရွှေဝါခန်းမ၌ ဇန်နဝါရီလ ၂၇ ရက် နံနက် ၉နာရီအချိန်က ကျင်းပသည်။
          ရှေးဦးစွာ ပခုက္ကူတက္ကသိုလ်တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာအေးက အဖွင့်အမှာစကားပြော ကြားပြီး ကျောင်းသား/သူသစ်များကျောင်းတွင်း/ပြင်ပ ပြုမူပြောဆိုလိုက်နာရမည့် တက္ကသိုလ်စည်းမျဉ်းစည်းကမ်း များအကြောင်း၊ တက္ကသိုလ်ကျောင်းသား/သူများတွင် ရှိသင့်ရှိထိုက်သော ကိုယ်ကျင့်တရားများ အကြောင်းတို့ကို မှာကြားသည်။ ထို့နောက် ပခုက္ကူတက္ကသိုလ် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌကိုယ်စား ဆလိုင်း အဲလ်ယွမ်းထန်းကချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်းရခြင်းရည်ရွယ်ချက်များအကြောင်း၊ကော်မတီအဖွဲ့ဝင် များ၏ကိုယ်ရေးအကျဉ်း၊ ကော်မတီ၏လုပ်ငန်းတာဝန်နှင့် အနာဂါတွင်ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများ      အကြောင်းနှင့် ၂၀၁၈-ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင်ကျရောက်မည့် နှစ်(၇၀)ကြိမ်မြောက်ချင်းအမျိုးသားနေ့ ကို ပခုက္ကူမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအကြောင်းတို့ကို ပြောကြားသည်။
          ဆက်လက်၍ ပခုက္ကူတက္ကသိုလ်ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး ဆလိုင်းမာန်လိန်းက မော်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ရခြင်းအကြောင်း၊ ပခုက္ကူတက္ကသိုလ်တွင်တက်ရောက်သည့် ကျောင်းသား/သူသစ် များအနေဖြင့် မိမိချင်းအမျိုးဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေမည့် အပြုအမူအပြောအဆိုများ မပြုလုပ်ရန်၊ အဆင့် မြင့်ပညာကိုသင်ကြားနေသည့်ချင်းကျောင်းသား/သူများသည် မိမိတက်ရောက်နေသော အတန်းပညာအလိုက် အသိပညာဗဟုသုတပြည့်ဝရန်လိုအပ်ကြောင်း၊ နည်းပညာတိုးတက်ပြောင်းလဲသည့်အညီ မိမိတို့သည် အတန်း သင်ခန်းစာများအပြင် ပြင်ပဗဟုသုတများကို အချိန်မရွေးဖတ်ရှုလေ့လာရန် လိုအပ်နေကြောင်း၊ ချင်းကျောင်းသား များသည် မိမိချင်းစာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို အစဉ်ထိန်းသိမ်းကာကွယ်ရန်လိုအပ် ကြောင်းတို့ကို ပြော ကြားသည်။ ထို့နောက် ပထမနှစ်ကျောင်းသား ဆလိုင်းခင်ဝင်းဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။ ဆက်လက်ပခုက္ကူတက္ကသိုလ်တွင် ပထမနှစ်စတင်တက်ရောက်မည့် ချင်းကျောင်းသား/သူများနှင့် မိတ်ဆက်ပေးပြီး အဆိုပါကျောင်းသား/သူသစ်များမှ Kingအဖြစ် ဆလိုင်းသူရလိန်(ပထမနှစ်-မြန်မာစာ)နှင့် Queenအဖြစ် မိုင်အေးမြတ်သူဇာအောင်(ပထမနှစ်-ရူပဗေဒ)တို့ကိုရွေးချယ်ကာဆုများအသီးသီးချီးမြှင့်ကြသည်။ ထို့အပြင် ဆလိုင်း ဘီဇကျိုး၊ ဆလိုင်းကဲအောင်၊ မိုင်ရမ်ဇဗဲန်း၊ မိုင်နှင်းနှင်းလွင်နှင့် မိုင်ချားယဉ်တို့ကချင်းရိုးရာတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြကြောင်းသိရသည်။
          အဆိုပါမောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ ပခုက္ကူတက္ကသိုလ်တာဝန်ခံ ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မအေး၊ ပခုက္ကူတက္ကသိုလ်မှ ချင်းဆရာ/ဆရာမများ၊ ပခုက္ကူတက္ကသိုလ်တွင် တက်ရောက်နေကြသည့် မဟာတန်း၊ စတုတ္ထနှစ်၊ တတိယနှစ်၊ဒုတိယနှစ်နှင့် ပထမနှစ် ချင်းကျောင်းသား/သူများ၊ပခုက္ကူမြို့တွင်နေထိုင်သောချင်းလူမျိုးများ တက်ရောက်ကြကြောင်းသိရသည်။
                                        ဆလိုင်းကိုကီး

0 comments:

Post a Comment