Wednesday, January 24, 2018

တက္ကသိုလ် (၁၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတပဒေသာကပွဲ၊ နန်းဆန်မောင်မယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ




ပခုက္ကူ  ဇန်နဝါရီ ၂၄
          ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ် (၁၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတပဒေသာကပွဲ၊ နန်းဆန်မောင်မယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ပခုက္ကူမြို့၊ ပခုက္ကူတက္ကသိုလ်၊ ဘွဲနှင်းသဘင်ခန်းမ၌ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁နာရီအချိန်က ကျင်းပသည်။
          ရှေးဦးစွာ ၂၀၁၇-၂၀၁၈ပညာသင်နှစ် တက္ကသိုလ်(၁၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတပဒေ သာကပွဲကို နိုင်ငံတော်အလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းဖြင့် အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူတက္က သိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဥမ္မာအေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပခုက္ကူတက္က သိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုမင်းသူမှ တက္ကသိုလ် (၁၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတပဒေသာကပွဲပြုလုပ်ရခြင်းရည်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူတက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဌ ဒေါက်တာ ပိုက်ထွေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တက္ကသိုလ် ကျောင်းသား/ သူများက အငြိမ့်၊ တမာမြေမှခွပ်ဒေါင်းသံ သံချပ်၊ တခန်းရပ်ပြဇာတ်၊ ပြဇာတ်ကြီး၊ ချင်းရိုးရာအက၊ ယောအက၊ ဧရာ ဆောင် စသည့်များဖြင့် သရုပ်ဖော်ကပြဖျော်ဖြေတင်ဆက်ကြသည်။
          ပခုက္ကူတက္ကသိုလ် မေဂျာအလိုက်နန်းဆန်မောင်မယ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ အဆိုပါ ပြိုင်ပွဲတွင် နန်းဆန်မယ်(၁၃)ဦး၊ နန်းဆန်မောင်(၁၃)ဦးနှင့် နန်းဆန်မောင်မယ်စုံတွဲ(၁၃)တွဲ စသည်တို့သည် မြန်မာ့ ရိုးရာဝတ်စုံများဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲဝင်များကို တင်ဆက်ပြသနိုင်မှု၊ ဟန်ပန်အမူအရာ၊ ဆွဲ ဆောင်နိုင်မှု၊ မျက်နှာအမူအရာနှင့် လှပတင့်တယ်မှု၊ လိုက်ဖက်မှုစသည့်အမှတ်ပေး စည်းမျဉ်းများဖြင့် အကဲ့ဖြတ် အမှတ်ပေးကြရာ နန်းဆန်မယ်စုံတွဲဆုကို ခါးနံပါတ်(၁)စုံတွဲ မောင်အောင်သီဟမင်းနှင့်မသိမ့်သိမ့်စိုးတို့က လည်း ကောင်း၊ နန်းဆန်မယ် ပထမဆုကို ခါးနံပါတ်(၆)မအိအိခင်ကလည်းကောင်း၊ နန်းဆန်မောင်ပထမဆုကို ခါးနံပါတ် (၈)မောင်စိုးထက်အောင်ကလည်းကောင်း ရရှိကြပြီး တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါပြိုင်များအတွက် ဦးမြင့်စိုးအောင်(ညွှန်ကြားရေးမှူး၊ သမိုင်းသုတေသနဌာန၊ နေပြည်တော်)နှင့်ဒေါက်တာ သင်းသင်းဦး(ပါမောက္ခ ဌာနမှူး၊ ပထဝီဝင်ဌာန၊ ပခုက္ကူတက္ကသိုလ်)၊ ဦးဝင်းအောင်+ဒေါ်စန်းယုနွယ် (ဒေါ်အေးငွေ ရွှေချည်ထိုးနှင့်ပိုးထည်တိုက် ၊ မန္တလေးမြို့)၊ ပခုက္ကူမြို့မှ ရွေပန်းခိုင်(ပိုးထည်နှင့်ပွဲတိုင်ဇာပစ္စည်းအမျိုးမျိုးရောင်း ဝယ်ရေး)၊ငွေကြယ်ဖြူအထည်ဆိုင်၊ Mega Ace ရုပ်ရှင်ရုံ၊ ပန်းရွှေရုံ (ပွဲထိုင်ဇာနှင့်ပိုးထည်ရောင်းဝယ်ရေး)တို့နှင့် အခြားသောလုပ်ငန်းရှင်များက စပွန်ဆာပေးကြကြောင်းသိရသည်။
          အဆိုပါပွဲသို့ ပခုက္ကူတက္ကသိုလ် ဒုတိယပါမောက္ခ ဒေါက်တာဥမ္မာအေး၊ ဌာနဆိုင်ရာများ၊ ဘာသာရပ်အလိုက် ဌာနမှူးများ၊ အကဲဖြတ်ဒိုင်လူကြီးများ၊ စပွန်ဆာလုပ်ငန်းရှင်များ၊ ပခုက္ကူတက္ကသိုလ် ဆရာ/မများ၊ ပြိုင်ပွဲဝင်သူများ၊ ပခုက္ကူတက္ကသိုလ် ကျောင်းသား/သူများ တက်ရောက်ကြကြောင်းသိရသည်။
                                                        ဆလိုင်းကိုကီး

0 comments:

Post a Comment