Saturday, August 12, 2017

ကျွန်တော် ဂျာနယ်လက်ပွေ့အရောင်းသမား

ကျွန်တော် ဂျာနယ်လက်ပွေ့အရောင်းသမား

သူများတွေ သတင်းစာသမားဘ၀ကိုပြောရင် သတင်းစာပညာဘွဲ့တွေ၊ နာမည်ကျော် သတင်းစာပညာ တက္ကသိုလ်ကြီးတွေနဲ့ သတင်းစာတိုက်ကြီးတွေပါလေ့ရှိတယ်။ ကျွန်တော့်သတင်းစာသမားဘ၀ကတော့ သတင်းစာတွေလက်ပွေ့ရောင်းတဲ့ကာလပဲ ဂုဏ်ယူပြောစရာဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် သြဂုတ်လလယ်အပိုင်းကလောက် ရက်တိုသမတတွေဖြစ်တဲ့ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်တို့အုပ်စိုးတဲ့ကာလ  (ဒေါ်အောင်ဆန်းစုကြည်နိုင်ငံရေးထဲကို တရားဝင် ၀င်ရောက်လာခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ ရွှေတိဂုံဘုရားခြေရင်း လူထုအစည်းအဝေးပွဲ မတိုင်ခင်)ကနေ စစ်တပ်အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နေ့အထိပေါ့။

ဖြစ်ပုံက ကလေးပေါက်စဘ၀က ဗိုလ်အောင်ဒင်ရုပ်ရှင်ကားကြည့်ပြီး “သတင်းစာတွေ၊ သတင်းစာတွေ” ဘာဖြစ်တယ်၊ ညာဖြစ်တယ်အော်ရောင်းတာ သဘောကျနေခဲ့တာ။ အဲရုပ်ရှင်ထဲက သတင်းတွေက Lively ဖြစ်တယ်။ အသက်ဝင်တယ်မဟုတ်လား။ ကျွန်တော်မွေးဖွားကြီးပြင်းခဲ့တဲ့ အဲဒီကာလက လမ်းစဉ် တစ်ပါတီခေတ်ဆိုတော့ တောက်လျှောက် မီဒီယာက တကယ့်မီဒီယာအစစ်မဟုတ်တာဆိုတော့   သတင်းစာဖတ်နေခဲ့ပေမယ့်လည်း သတင်းက အရသာမရှိ၊ ခြောက်ခြောက်သွေ့သွေ့ကြီး။ အပြင်မှာတစ်မျိုး၊ သတင်းစာထဲမှာတစ်မျိုး။ စာဖတ်ရကောင်းမှန်းသိလာတဲ့အချိန် အေးရှားဝိခ်တို့၊ တိုင်မ်းမဂ္ဂဇင်းတို့၊ ရီးဒါးဒိုင်ဂျက်စ်စတဲ့ စာအုပ်အဟောင်းလေးတွေ တိုလီမုတ်စဖတ်ရတဲ့အခါ သတင်းအရသာကို ခံစားမိတာကလား။ အဲဒီတော့ လူထုဆန္ဒပြပွဲတွေပေါ်ပေါက်လာခဲ့အပြီး ၀န်ထမ်းတွေရဲ့ ပုန်ကန်မှုပါ ကြုံလာရတဲ့ အစိုးရဖြစ်တော့ ဆက်မအုပ်ချုပ်တော့နိုင်။ ဆင်ဆာမရှိတဲ့အချိန်ဆိုတော့ ဖတ်ချင်စရာသတင်းတွေပေါ်ခဲ့တာပေါ့။ ၀ရုန်းသုန်းကားဖြစ်နေချိန်ဆိုတော့ ဆွမ်းဆန်ထဲကြက်ချေးအရောတွေလည်း ဘယ်ကင်းမတုံး။

အစိုးရကတပ်ကိုသာဆက်ကိုင်ထားနိုင်တာ ကျန်တဲ့ကဏ္ဍတွေမနိုင်တော့ဘူးဆိုတဲ့အချိန် ရပ်ရွာတွေက ကိုယ့်ဘာသာကိုယ်စောင့်ရှောက်မှုလုပ်ကြရတာကလား။ ပင်မလမ်းတွေမှာ အရံအတားတွေလုပ်၊ အိမ်ပေါက်စေ့ကလူတွေထွက် စုဝေးတိုင်ပင်ပြီး လုံခြုံရေးအတွက်ကင်းစောင့်၊ ဘေးအိမ်တွေနဲ့ဝေမျှမှုလုပ် စသဖြင့်လုပ်ရတာကလား။ အဲသလိုမှမလုပ်ရင် အဖျက်အမှောင့်လုပ်သူတွေက ၀င်မွှေသွားလို့ ပြဿနာတွေကြီးကုန်မှာကိုး။ ဘယ်သူတွေ အဖျက်အမှောင့်လုပ်လဲဆိုတာကိုတော့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလည်း ပြန်မလုပ်တော့ ဘာကြောင့်မလုပ်ရဲတာလည်းဆိုတာ မေးခွန်းထုတ်စရာပါ။ မြန်မာ့သမိုင်းကလည်း ဒီလိုနဲ့ပဲ မိုးကြီးချုပ်ချုပ်သွားခဲ့တာ၊ ပြောစရာတွေလည်း တစ်ပုံကြီးကျန်သေးတယ်လို့ပဲ ဆိုရမလားပဲ။ ခေတ်ပျက်မှာ တောကြောင်လည်းထသလို၊ ခေတ်ပျက်မှ ဂွင်တွေတဲ့ အာဏာပလ္လင်ပေါ်က ကြောင်ပါးကြီးတွေလည်း ရှိတယ်မဟုတ်လား။ တောကြောင်က ခေတ်ပျက်ပါစေ ဆုတောင်းတယ်။ ကြောင်ပါးကြီးတွေက ခေတ်ပျက်အောင်လုပ်တယ်။ အတိုက်အခံဆိုတာ ခေတ်ပျက်ရင် ခေါင်းကုတ်နေရတဲ့အဖြစ်။

အဲသလိုအခြေအနေမှာ သတင်းစာရောင်းချင်ရင် မနက် ၄ နာရီခွဲလောက် အိပ်ရာကထရတယ်။ အမေသိရင် စိတ်ပူပြီးတားမှာစိုးလို့ အိမ်တံခါး အသာလေးဖွင့် ခိုးထွက်ရသေးတယ်။ အိမ်ကသံတခါးကို နေ့လည်ဘက်ကတည်းက ဆီထဲ့ထားရတယ်။ အဲသလိုမဟုတ်ရင် တံခါးဖွင့်သံက ၇ အိမ်ကြား ၈ အိမ်ကြား ဖြစ်သွားမယ်။ စည်းရုံးထားတော့ အိမ်နီးနားချင်း ရွယ်တူသူငယ်ချင်းတွေ ၃-၄ ယောက်ပါတယ်။ ကိုယ့်ရပ်ကွက်ရဲ့ ၀ါးတားဂိတ်ကို ကျော်ပြီး နောက်ရပ်ကွက်နားနီးရင် လူမြင်သာအောင် သွားရတယ်။ ခပ်ဝေးဝေးကနေကတည်းက အသံပြုရတယ်။ ယုံထင်ကြောင်ထင် ထင်မှာစိုးလို့။ တလလောက်နီးပါး သတင်းစာရောင်းတဲ့ကာလအတွင်း ကျွန်တော်တို့အဖွဲ့တွေအပြင် တစ်ခြားသော သတင်းစာရောင်းတဲ့ကလေးတွေ ဘာအန္တရာယ်မှမရှိခဲ့တာကိုထောက်ရင် ပြဿနာဖြစ်ခဲ့တဲ့ဟာတွေမှာ ရည်ရွယ်ချက်ရှိရှိ အမွှေဇယားခင်းတာတွေပါမယ်ဆိုတာကို ထောက်ချင့်လို့ရတယ်။ အဲသလိုနဲ့ မြို့ထဲမှာ သတင်းစာယူ၊ လမ်းတလျှောက်အော်ရောင်း၊ နည်းတဲ့ ခရီးလား။ တစ်ခါတစ်လေ သတင်းစာအစောကြီးကုန်လို့ ကားစီးပြန်တာမျိုးလည်းရှိရဲ့။

သတင်းစာလိုက်ရောင်းတော့ သတင်းတွေ အကုန်ဖတ်မိတယ်။ ဘယ်ခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ်ခဲ့တယ်ဆိုတာတွေက ချင့်ချိန်ဖို့အတွက် ဗဟုသုတဖြစ်စေခဲ့တယ်။ ဘယ်သူတွေကတော့ ဘယ်အကွက်တွေချိုးတယ်ဆိုတာ စဉ်းစားစရာတွေ ရစေခဲ့တယ်။ ကလေးတွေဆိုတော့ ဘယ်မှာခေါင်းဖြတ်ပြန်ပြီလို့ အော်တဲ့သူလည်းပါတယ်။ အဲဒါကိုပဲ နောက်ပြောင်စရာလိုပြောကြတာလည်းရှိတယ်။ စုစည်းမှုရှိတဲ့ ဆန္ဒပြပွဲတွေအလွန်မှာဖြစ်ခဲ့တဲ့ ဒီသတင်းစာရောင်းတဲ့ကာလက စစ်တပ်က အာဏာသိမ်းတော့ အဆုံးသတ်သွားတယ်။ ဒီကာလဟာ တိုတောင်းပေမယ့် ဗဟုသုတတွေ တထွေးကြီး ရလိုက်တယ်လို့ထင်တယ်။
Sein Win  Fb

0 comments:

Post a Comment