Wednesday, August 9, 2017

ေ အာင်လံမြို့နယ်တွင် ယခင်ထက်ကောင်းမွန်သော ဗို့အားများဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်တော့မည်


အောင်လံ     သြဂုတ်     ၈
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မကွေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်သန်းသည် သြဂုတ်လ ၅ ရက်နေ့တွင် အောင်လံမြို့သို့သွားရောက်၍ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ချေးငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် 66/6.6 kV, (5)MVA ထရန်စဖော်မာအား 66/11kV, (10)MVA ထရန်စဖော်မာဖြင့် တိုးချဲ့တပ်ဆင်ပြီးစီးနေမှုနှင့်မြို့နယ်အတွင်း (၆.၆)ကေဗွီ ဓာတ်အား စနစ်မှ(၁၁)ကေဗွီ ဓာတ်အားစနစ်သို့ပြောင်းလဲ၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဌာနပစ္စည်းများအား အလေအလွင့်မရှိစေရေး၊ မူလ အသုံးပြုခဲ့သည့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အပ်နှံရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ဓာတ်အားပြတ်တောက်မှုအချိန်အနည်းဆုံးဖြင့် လုပ်ငန်းများအကျိုးရှိစွာ ဆောင်ရွက် နိုင်ရေး၊သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေးတို့အား တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာက ဆွေးနွေးမှာကြားခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အောင်လံ မြို့နယ်အတွင်း ဗို့အားပြည့်ဝစွာဖြင့် ဓာတ်အားဖြန့်ဖြူးနိုင်ရေးအတွက် 66/6.6kV,(5)MVA ထရန် စဖော်မာအား  66/11kV, (10)MVA ထရန်စဖော်မာဖြင့် လဲလှယ်တပ်ဆင်ခြင်း၊ လက်ရှိဓာတ်အား ဖြန့်ဖြူးပေးလျှက်ရှိသော(၆.၆)ကေဗွီ ဓာတ်အားလိုင်းများအား(၁၁)ကေဗွီ ဓာတ်အားလိုင်း(၁၈.၉) မိုင်ဖြင့်အစားထိုး တည်ဆောက်ခြင်း၊(၄၀၀)ဗို့ဓာတ်အားလိုင်းရှိ ဆွေးမြေ့သစ်သားတိုင်(၁၀၅၀)တိုင် အား ကွန်ကရစ်တိုင်များဖြင့် အစားထိုးလဲလှယ်ခြင်း၊သတ်မှတ်အရွယ်အစားမပြည့်မှီသော ACSR 35 mm2 ကြိုးများအား  ABC 70 mm2 ကြိုးများဖြင့် အစားထိုးလဲလှယ်ခြင်း၊ ၁၁/၀၄ ကေဗွီ (၂၀၀)ကေဗွီအေ ထရန်စဖော်မာ(၇၇)လုံးအသစ်တိုးချဲ့တည်ဆောက်ခြင်းများကို(ADB)ချေးငွေဖြင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့အချိန်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
သရက်ခရိုင်၊အောင်လံမြို့နယ်တွင် ယခင်က ဓာတ်အားသုံးစွဲသူပြည်သူများ စက်ရုံအလုပ်ရုံ များသို့(၆.၆)ကေဗွီဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိရာမှ(၄-၈-၂၀၁၅)ရက်နေ့တွင် မလေးဖီဒါ၊ ပန်းမတဖီဒါ၊ ဓာတ်အားခွဲသုံးဖီဒါများအားလည်းကောင်း၊ (၇-၈-၂၀၁၇)ရက်နေ့တွင် မင်းကြိုက်ဖီဒါ၊ ရုံးဆိပ်ဖီဒါများအားလည်းကောင်း၊ (၁၁)ကေဗွီဓာတ်အားစနစ်မှ ဓာတ်အားစတင် ဖြန့်ဖြူးပေးလျှက်ရှိပြီး ကျန်ရှိနေသည့် မြို့တွင်းနှင့် မြို့ပတ်ဖီဒါများ အပါအ၀င် ဖီဒါ(၇)ခုအား(၉-၈-၂၀၁၇)ရက်နေ့တွင် (၁၁)ကေဗွီဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အောင်လံမြို့နယ်အတွင်းရှိ မီးသုံးသူဦးရေ (၁၂၀၀၀)ခန့်အား အသစ်တည်ဆောက်ပြီးစီးသည့်(၁၁)ကေဗွီဓာတ်အားစနစ်ဖြင့် ပြောင်းလဲ၍ ဓာတ်အားပြတ်တောက်မှု အနည်းဆုံးဖြင့် အန္တရာယ်ကင်းရှင်းစွာ ယခင်ထက်ကောင်းမွန်သော ဗို့အားများဖြင့် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment