Wednesday, August 2, 2017

မကွေးခရိုင်ဥပဒေရုံးနှင့်မြို့နယ်ဥပဒေရုံး ရုံးသစ်ဖွင့်ပွဲတွင် ပြည်သူအသိအမှတ်ပြုသည့် ယုံကြည်အားကိုးသည့် ဥပဒေအရာရှိများ၊ ဥပဒေရုံးများဖြစ်အောင် ကြိုးစားကြရန် ပြည်ထောင်စုရှေ့နေချုပ်မှာကြား




မကွေး     ဇူလိုင်     ၃၀
          ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးသည် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊အစိုးရအဖွဲ့ ၀န်ကြီးများ၊တိုင်းဒေသကြီးဥပဒေချုပ်တို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးခရိုင်ဥပဒေ ရုံးနှင့်မကွေးမြို့နယ်ဥပဒေရုံး ရုံးသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။


          ဖွင့်ပွဲအခမ်းအနားတွင် အဆောက်အအုံနှင့်ပတ်သက်၍ အောင်ပဒေသာ ကုမ္ပဏီမှ လည်းကောင်း၊ရုံးဖွင့်ပွဲနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးဥပဒေချုပ်က လည်းကောင်း ရှင်းလင်းပြော ကြားပြီး ပြည်ထောင်စုရှေ့နေချုပ်၊မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်တိုင်းဒေသကြီးဥပဒေချုပ် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

          ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိ များနှင့်တွေ့ဆုံပွဲတွင် တရားစီရင်ရေးကဏ္ဍတိုးတက်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာအဖွဲ့ အစည်းများအလိုက် ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဥပဒေ ရုံးများမှာလည်း တရားစီရင်ရေးကဏ္ဍတိုးတက်ပြောင်းလဲရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့ဥပဒေအရာရှိများ၊၀န်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်း လုပ်ဆောင်ရွက်ချက်များကို တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် ပြတ်သားခိုင်မာတဲ့ စိတ်ထားများထားရှိရန် လိုပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် တရားမျှတသည့် တရားစီရင်ရေး စနစ်ဖြစ်ထွန်းရေး၊အကတိကင်းရှင်းသည့် အရာရှိများဖြစ်ရေး၊အရည်အသွေး အရည်အချင်းရှိသည့် တာဝန်ယူမှုရှိသည့် အရာရှိများဖြစ်ရေး ကြိုးစားကြရန်လိုကြောင်း၊ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းဖြင့် ပြည်သူက အသိအမှတ်ပြုသည့် ယုံကြည်အားကိုးသည့် ဥပဒေအရာရှိများ၊ ဥပဒေရုံးများဖြစ်အောင် ကြိုးစားကြရန် မှာကြားပါသည်။ 

          တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်၊အမြဲတန်းအတွင်းဝန်၊အမှုလိုက်ဌာန ညွှန်ကြားရေး မှူးချုပ်နှင့်ဥပဒေအရာရှိများ၊ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment