Tuesday, June 27, 2017

စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မှ ဘုရာဖူးငါးကြိုဆိုပွဲနှင့် ငါးကျွေးဆိပ်ဖွင့်ပွဲ




ပွင့်ဖြူ         ဇွန်        ၂၇
          မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်တွင်တည်ရှိသော သာသနာသမိုင်းဝင် စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်မြတ်ကြီး၏ ၀ါတွင်းကာလ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော ဘုရားဖူးလာငါးကြီးများအား မုန်းချောင်းအနောက်ဘက် ဘူးသည်ကျေးရွာတောင်ဘက် (ယခင် ၀ါဏိဇ္ဇဂါမရွာကြီး) အနီးရှိ ငါးကျွေးဆိပ်မှ ဧရာဝတီမြစ်ဝအထိ ကြိုဆိုဖိတ်ခေါ်ပွဲနှင့် ငါးကျွေးဆိပ်ဖွင့်ပွဲကို ၀ါဆိုလပြည့်နေ့၊ဇူလိုင်လ(၈)ရက်နေ့ နံနက်(၇)နာရီတွင် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်သည်။
          စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးသည် ပိဋကတော်လာ ပုဏ္ဏောဝါဒသုတ္တန်လာ သာသနာသမိုင်းဝင် စေတီတော်ကြီးဖြစ်ပြီး ဂေါတမဘုရားရှင်လက်ထက် ၀ါတော်(၂၁)၀ါမြောက်တွင် နောက်ပါရဟန္တာ (၅၀၀)နှင့်ကြွရောက်၍ လက်လေးသစ်ကို အဖိုးတစ်သိန်းထိုက်တန်သော စန္ဒကူးနံ့သာ သစ်များဖြင့် ဆောက်လုပ် လှူဒါန်းအပ်သော  စန္ဒကူးနံ့သာကျောင်းတော်ကြီးကို အလှူခံပြီး (၇)ရက် တိုင်တိုင်သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်ကြီး၏ နေရာထူးနေရာမြတ်တွင် ပေါက္ကံရာမကို အစိုးရတော်မူသော မဏိစည်သူမင်းမှ အစပြု၍ ရှေးမင်း များအဆက်ဆက် တည်ထားကိုးကွယ်၍ လှူဒါန်းသာသနာပြုခဲ့ကြသည့် စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော် မြတ်ကြီးဖြစ်သည်။
          ကျောင်းတော်ရာစေတီတော်ကြီး၏ အရှေ့ဘက် (၃)ဖာလုံခန့်အကွာတွင် ဖြတ်သန်းစီးဆင်းနေသော မုန်းချောင်း အတွင်း နှစ်စဉ်နှစ်တိုင် ၀ါထပ်ရက်ကိုပင်သိတတ်သော ငါးကြီးများ ၀ါတွင်းကာလရောက်တိုင် လာရောက်ကာ ဦးခိုက်ပူးဇော်လျက်ရှိရာ ဘုရားဖူးလာပြည်သူများမှ  အစာကျွေးကုသိုလ်ပြုကြသည်မှာ တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြား လျက်ရှိသည်။ မုန်းချောင်းရေ အနည်းအများ၊ ရာသီဥတုအခြေအနေပေါ်မူတည်၍ ယမန်နှစ်က နံနက်စောစောပိုင်းတွင် ဦးခေါင်းများဖော်၍ အစာများစားနေသည်ကို တွေ့ရှိရသည့်အတွက် ဘုရားဖူးလာပြည်သူများ ကိုယ်တွေ့မြင်တွေ့ကာ အစာကျွေးကုသိုလ်ပြုခဲ့ကြသည်။
          အဆိုပါဘုရားဖူးလာငါကြီးများသည် ၀ါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ၀ါတွင်း (၄)လပတ်လုံး ငါးကျွေးဆိပ်တွင် နေထိုင်ကြပြီး၊ငါးအမျိုးအစားမှာ ငါးထွေငါးမျိုးများဖြစ်ကြသည်။ ငါးကြီးများမှာ သက်သတ်လွတ်သာ စားကြသဖြင့်  ဖွဲ့နုဆုပ်၊ထန်းသီးမုန့်နှင့် ပေါင်မုန့်များကိုသာကျွေးကြသည်။ လူကိုအန္တရာယ်မပြု၊ ဘုရားဖူးလာပြည်သူများ က မုန်းချောင်းအတွင်းဆင်း၍ ငါးကြီးများကိုဖက်တွယ်ကာ ဓါတ်ပုံရိုက်ကြသည်။ဝါတွင်းကာလ ငါးကြီးများလွတ်လပ်စွာ မုန်းချောင်းအတွင်နေထိုင်နိုင်ရန် ငါးလုပ်ငန်းဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ငါးကြီးများနေထိုင်ရာအနီး ငါးမဖမ်းဆီရေးကို နီးစပ်ရွာ ကျေးရွာများသို့ အသိပေးနှိုးဆော်ထားလျက်ရှိသည်။
          ဘုရားဖူးလာငါးကြီးများကြိုဆိုဖိတ်ခေါ်ပွဲကို နှစ်စဉ်ဝါဆိုလပြည့်နေ့ နံနက်(၇)နာရီတွင် ငါးကျွေးဆိပ်ကမ်းမှ သြ၀ါဒစရိယဆရာတော်ကြီးများ၊ ဂေါပက အဖွဲ့များ၊သာသနာ့မာမကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးစာကျွေးခေါ်ဆောင်ရေးအဖွဲနှင့် သီတာရေကြည် အဖွဲ့ဝင်များ၊ဓမ္မစကြာဝတ်အသင်းနှင့် တီးဝိုင်အဖွဲ့များမှ စက်ရေယာဉ်များဖြင့် ဧရာဝတီမြစ်နှင့်မုန်းချောင်းဆုံရာ မြစ်ဝ အထိ သွားရောက်ခေါ်ဆောင်ခဲ့ပြီး၊ ငါးကျွေးဆိပ်ကို သြ၀ါဒစရိယဆရာတော်ကြီးများနှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြမည်ဖြစ်သည်။
          မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူအများ ညအိပ်တည်ခိုဘုရားဖူးမျှော်ကာ နံနက်စောစောတွင် ငါးစာကျွေးနိုင်ရန် အခမဲ့တည်ခိုနိုင်သော ဇရပ်အဆောင်ပေါင်းများစွာ ဆောက်လုပ်ထားရှိပြီးဖြစ်သည်။ဒေသအစာ အစား မုန့်လုံးရေပေါ်၊မုန့်လိပ်ပြာ၊ ၀က်မြေဥ၊မုန်းသြဇာ၊အညာဒေသထွက် ပဲလှော်မျိုးစုံ အရောင်းဆိုင်များနှင့် စာသောက်ဆိုင်များဖြင့် စည်ကားလျက်ရှိရာ မင်းဘူး-ပွင့်ဖြူကားလမ်းမှတဆင့် လယ်ကိုင်း-ကျောင်းတော်ရာလမ်းနှင့် ပွင့်ဖြူမြို့၊ကံသာကြီးကျေးရွာအနီးရှိ ကျောင်းတော်ရာလမ်းခွဲတို့မှ လာရောက်ဖူးမျှော်နိုင်ပါကြောင်း  ဖိတ်ခေါ်လိုက်ရပေသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment