Friday, June 16, 2017

အရက်သေစာသောက်စားမူးယစ်ကာ ဆဲဆိုကြိမ်းဝါးရန်စစိန်ခေါ်သူ သေဆုံးမှုဖြစ်ပွား


ငဖဲ     ဇွန်     ၁၃
ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု ပင်ဦးကျေးရွာအရှေ့မြောက်ဘက်(၂)ဖာလုံခန့်အကွာ ယာတဲအနီးတွင် အရက်သေစာသောက်စားမူးယစ်ကာ ဆဲဆိုကြိမ်းဝါးရန်စ စိန်ခေါ်သူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ငဖဲမြို့နယ် ပင်ဦးကျေးရွာအုပ်စု ပင်ဦးကျေးရွာအရှေ့မြောက်ဘက် (၂)ဖာလုံခန့် အကွာ ယာတဲအနီးနေရာ၌ ယခုလ ၉ ရက်နေ့ည ၁၀နာရီအချိန်က ဗိုလ်အောင်ဒင်(သ)၂၉ နှစ်(ဘ) ဦးတုံးမောင်၊တောင်သူ ပင်ဦးကျေးရွာနေသူသည် အရက်သေစာသောက်စားမူးယစ်ကာ ပေါက်ပြားကိုင်ပြီး တဲအပြင်မှနေ၍ ပထွေးဖြစ်သူ ဦးချစ်စိန်(သ)၅၉နှစ်(ဘ)ဦးစိုဘုံ၊တောင်သူ ပင်ဦး ကျေးရွာနေသူအား ဆဲဆိုကြိမ်းဝါးရန်စ စိန်ခေါ်နေသဖြင့် မိခင်ဖြစ်သူဒေါ်ချင်းမမှ တဲအပြင်သို့ ထွက်ပြီး တားမြစ်စဉ် ပေါက်ပြာရိုးဖြင့် မိခင်ဖြစ်သူအား တွန်းသောကြောင့် ကြောက်လန့်ပြီး နောက် ဆုတ်နေစဉ် ဦးချစ်စိန်မှ တဲအပြင်သို့ထွက်လာရာ သားဖြစ်သူမှ ပေါက်ပြာရိုးဖြင့် ရိုက်နှက်၍ ဦးချစ် စိန်မှလည်း ၀ါးရင်းတုတ်ဖြင့် အပြန်အလှန် ရိုက်နှက်နေကြသဖြင့် ဒေါ်ချင်းမမှ ခင်ပွန်းဖြစ်သူအား ဆွဲခေါ်ကာ ပင်းဦးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်တိုင်ကြားခဲ့ပြီးနောက် ယာတဲသို့ မပြန်ဘဲ ဆွေမျိုးတော်စပ်သူ ဒေါ်ချောနေအိမ်တွင် ညအိပ်ခဲ့ပြီး နောက်တစ်နေ့ ဇွန်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် မိခင်ဖြစ်သူ ဒေါ်ချင်းမမှ ၄င်းနေထိုင်ရာ ယာတဲသို့ သွားရောက်ကာ သားဖြစ်သူ၏ အခြေအနေအား ကြည့်ရှုခဲ့ရာ ယမန်နေ့ညက ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့ အပြန်အလှန် ရိုက်နှက်ခဲ့သည့် ယာတဲ၏အပြင်ဘက် မြေပြင်တွင် သားဖြစ်သူ ဗိုလ်အောင်ဒင်မှာ ဦးခေါင်းဝဲဘက် နောက်စေ့တွင်(၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ၀ဲဘက်မေးစေ့ပွန်းပဲ့ ဒဏ်ရာ(၁)ချက်တို့ဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရ၍ ဒေါ်ချင်းမမှ တရားလိုပြုလုပ်ကာ ငဖဲမြို့မရဲစခန်းသို့ လာရောက်၍ တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၀ါးရင်းတုတ်ဖြင့်ရိုက်နှက်ခဲ့သူ တရားခံချစ်စိန်အား ငဖဲမြို့မ ရဲစခန်း အမှုကြီးအမှတ်စဉ်(၁/၂၀၁၇) (ပ)၁၁၃/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment