Thursday, June 22, 2017

မုန်တိုင်းနှင့်မုတ်သုန်မိုးဆက်တိုက် အဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများတိုးမြင့်လျက်ရှိ


ငဖဲ     ဇွန်     ၂၂
မကွေးတိုင်းဒေသကြီးအတွင်း မုန်တိုင်းမိုးနှင့်မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ချောင်းရေများ ရေကြီးရေလျှံမှုနှင့်ဆည်တမံများအတွင်း ရေများတိုးမြင့် ၀င်ရောက်လာမှုများ ရှိခဲ့ရာ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရင်းရှည်တမံနှင့်မန်းတမံဆည်ကြီးများ၏ အခြေအနေများနှင့်ပတ် သက်၍ စိုးရိမ်ကြောင့်ကျမှုမဖြစ်စေရေး ၂၄ နာရီရေကင်းများ တာဝန်ချထားပြီး တာဝန်ရှိသူများ အနေဖြင့် အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
မိုးတိမ်များထူထပ်ပြီး အုံ့ဆိုင်းကာ မိုးအဆက်မပြတ်ရွာနေပါတယ် ဒီနေ့ ဇွန်လ ၂၂ ရက် မနက် ၆ နာရီ မန်းတမံတိုင်းထွာချက်အရ မိုးရေချိန် ၂.၂၀’’ ရွာသွန်းပြီး ဆည်ရေအမှတ် ၆၁၉.၀၀ ပေရှိကာ ၂၄ နာရီအတွင်း ၃.၅၀ ပေ ရေတိုးခဲ့ပြီး ရေပိုလွဲမှရေကျော်ရန် ၆.၀၀ ပေ လိုပါသေး တယ်၊ရင်းရှည်တမံ အနေဖြင့် ဆည်ရေအမှတ် ၆၀၃.၁၀ ပေ၊မိုးရေချိန် ၁.၈၅’’ရွာသွန်းခဲ့ပြီး ရေပိုလွှဲမှ ၁.၁၀ ပေ ရေကျော်နေပါတယ်၊ ရေပိုလွဲများမှ ရေကျော်ပါက လျှံရေများကောင်းစွာ စီးထွက်နိုင်ရန် ဆည်အတွင်းမျောပါလာသည့် ဒိုက်၊အမှိုက်များနှင့်ရေလျှံလမ်းများအား ရှင်းလင်းပြီး ဖြစ်သည်အတွက် တမံများရဲ့ကြံ့ခိုင်မှုကောင်းမွန်ပြီး ၂၄ နာရီရေကင်း တာဝန်ချထားကာ တာဝန်ရှိသူများ အနေနဲ့ အနီးကပ်ကြီးကြပ်တာဝန်ယူလျက် အထက်အဆင့်ဆင့်သို့ နာရီစဉ် သတင်းပေးပို့ လမ်းညွှန်မှုခံယူကာ ဆောင်ရွက်လျက်ရှိတဲ့အတွက် ဆည်တမံကြီများနှင့်ပတ်သက်၍  ပြည်သူများ အနေဖြင့် စိုးရိမ်စရာမရှိပါဘူးဟု မြို့နယ်ဆည်မြောင်းထိန်းသိမ်းရေးတာဝန်ခံ ဦးမောင် မောင်ဝင်းက ပြောသည်။
 
ယခုအခါ မိုးတိမ်ထူထပ်ပြီး အဆက်မပြတ်မိုးရွာသွန်းမှုကြောင့် ငဖဲမန်းချောင်းအတွင်း ၀င်ရောက်စီိးဆင်းသည့် ပဇီချောင်း၊ဆတ်သေချောင်းများမှ ချောင်းရေနှင့်ပန်းတိမ်းချောင်းရေများ တိုးမြင့်စီးဆင်းနေသည့်အတွက် မန်းရွှေစက်တော်၊အိုးပြစ်မဲ၊အိုင်းမရေလွဲဆည်နှင့်ဥယျာဉ်ဇင်၊စကု တို့မှာ ချောင်းရေများ ဆက်လက်တိုးမြင့်စီးဆင်းနေမှာဖြစ်ပါတယ်ဟု ၄င်းက ဆက်လက်ပြောသည်။
အဆိုပါဆည်တမံကြီးများသို့  မကွေးတိုင်းဒေသကြီး ဆည်ရေဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)နှင့်မင်းဘူးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)တို့သည် တာဝန်ရှိသူများလိုက်ပါကာ ဇွန်လ ၂၀ ရက်နေ့တွင် ဆည်တမံများ ကြံ့ခိုင်မှု၊ရေပိုလွှဲ ရေကျော်လွန်မှုအခြေအနေ၊ တမံနှင့် ဆက်စပ်အဆောက်အဦများ ကြံ့ခိုင်မှုရှိ/မရှိ၊၂၄ နာရီရေကင်းချထားမှု၊ မိုးစပါးစိုက်ပျိုးရေပေးဝေ နေမှုနှင့်ရေပိုလွှဲ ရေလျှံလမ်းများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် တာဝန်ရှိသူတို့အား မှာကြားခဲကြောင်း သိရှိရသည်။
 သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment