Sunday, May 28, 2017

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပကာ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံရေး စတင်လက်ခံ




ငဖဲ     မေ      ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွဲ ခန်းမတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ကျင်းပပြီး အဆိုပါပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံရေး စတင်လက်ခံ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

          မိဘပြည်သူများအနေဖြင့် မိမိတို့ရင်သွေး ကလေးငယ်များကို ကျောင်းအပ်နှံပြီး အခြေခံ ပညာသင်ကြားပေးခြင်းဟာ  နိုင်ငံတော်နှင့်မိဘများအတွက် အကောင်းဆုံးရင်းနှီးမြုပ်နှံမှု တစ်ခု ဖြစ်ကြောင်း၊ ဒီပညာနဲ့ ကျောင်းကသင်တဲ့ သင်ခန်းစာများအပြင် ကလေးများရဲ့ စဉ်းစားတွေး ခေါ်နိုင်မှု လူမှုပေါင်းသင်းဆက်ဆံမှုတွေ စာနာထောက်ထားမှုတွေကလည်း လူ့ဘ၀တလျှောက် လုံးမှာ အထောက်အကူဖြစ်စေမှာဘဲဖြစ်ပါတယ်၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မူလတန်း၊ အလယ်တန်း၊အထက်တန်းများအား ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ အခမဲ့ပညာရေး စနစ်အဖြစ်သတ်မှတ်ပြီး ပီပြင်စွာအကာင်အထည်ဖော်ဆောင်ရွက်နိုင်တာကိုလဲ အားရကြေနပ်ဖွယ် တွေ့ရှိရပြီးဖြစ်တယ်၊ ယခုနှစ်ကျောင်းအပ်နှံရာသီတွင်လည်း ယခင်နှစ်နည်းတူ ကျောင်းသား ကျောင်းသူများကို အတန်းစဉ်အဆင့်အလိုက် ကျောင်းဝတ်စုံများ၊ ဗလာစာအုပ်များ၊ ပြဌာန်း စာအုပ်များစသည်တို့ကို အသီးသီးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရတဲ့အတွက် လွန်စွာ ၀မ်းမြောက်ဖွယ် ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက အဆိုပါ အခမ်းအနား တွင် ထည့်သွင်းပြောသည်။
          ကလေးသူငယ်များနှင့်လူငယ်လူရွယ်များကို အသိပညာ အတတ်ပညာ အခြေခံပညာများ သင်ကြားပေးနေသော စာသင်ကျောင်းများသည် ဗလ(၅)တန်ဖြစ်သည့် ကာယဗလ၊ ဥာဏဗလ၊ စာရိတ္တဗလ၊မိတ္တဗလနှင့် ဘောဂဗလစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်အောင် လေ့ကျင့်ပျိုးထောင်ပေး သော ဘူမိနက်သန် နေရာများဘဲဖြစ်တယ်၊ကျောင်းသားများရဲ့ အသိပညာကျွမ်းကျင်မှု ကိုယ်ကျင့် တရားကို  မြှင့်တင်ပေးရာနေရာတစ်လည်းဖြစ်ပါတယ်၊ ဒါကြောင့် ပွင့်သောပန်းတိုင်း လန်းပါစေ ဟူသော စကားနှင့်အညီ ကျောင်းအပ်နှံပြီးသော ကျောင်းသား ကျောင်းသူများ အားလုံးလည်း စာသင်နှစ်တစ်နှစ်တာ ပြီးဆုံးချိန်အထိ အခက်အခဲမရှိဘဲ ကြိုးစားသင်ယူနိုင်ပြီး ကမ္ဘာ့အလယ်မှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်သော ပညာတတ်ကြီးများ ဖြစ်ကြပါစေဟု ၄င်းက ဆုမွန်ကောင်းတောင်းစကား ဆက်လက်ပြောသည်။
          ဆက်လက်၍ မြို့နယ်ပညာရေးမှူးက ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ငဖဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာဒေါ်အေးအေးသိန်းနှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင် ဒေါ်မူမူအေးတို့က ကျောင်း သား ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်၊ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို အခမဲ့ ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များက ကျောင်းသားနှင့်မိဘများ ကျောင်းလာရောက်အပ်နှံနေမှုအား လှည့်လည်ကြည့်ရှု အားပေးခဲ့ ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment