Sunday, May 21, 2017

အိမ်တွင်း စီးပွားဖြစ် သရက်ချဉ်လုပ်ငန်းများ ၀င်ငွေကောင်းလျက်ရှိ



                           

ပွင့်ဖြူ      မေ      ၁၆
          ပွင့်ဖြူမြို့နယ်အတွင်းရှိ၊ ကျေးရွာများတွင် သရက်သီးများ လှိုင်လှိုင်ပေါ်ချိန်တွင် အိမ်တွင်း စီးပွားဖြစ် သရက်ချဉ် လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိလျက်ရှိသည်။
          ဒေးဒရဲကျေးရွာ သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူ ဦးဇော်မင်းခိုင်မှ ‘’  ယခုနှစ် သရက်သီးအထွက်ကောင်းတယ်၊ မုန်းတိုင်ကျပေမဲ့ ကျွန်တော်တို့ဆီမှာ လေမတိုက်ဘဲ မိုးပဲရွာတော့ သရက်သီးတွေ အလေအလွင့်မရှိခဲ့ဘူး၊ သရက်သီး (၁၀၀)ကို (၁၀၀၀)ကျပ်ပေးဝယ်ရတယ်၊ ယခင်က သရက်သီးကို ဓါးနဲ့ပေါက်ပြီး ချဉ်လုပ်ရတာ၊ အခု ဂျစ်နဲ့ခြစ်ပြီး ချဉ်လုပ်ကြတယ်၊ သရက်သီးတစ်တင်းကို ဂျစ်ခြစ်လုပ်အား ခ (၁၀၀၀)ပေးရတယ်၊ အလုပ်သမားတစ်ဦးကို တစ်နေ့ (၅)တင်းမှ (၁၀)ထိ ခြစ်နိုင်တယ်၊ ဂျစ်ခြစ်ပြီး သရက်သီးအသားတွေကို ဆားရေ(၂)ရက်စိမ်ထားရတယ်၊ ဆားရေ၀မှ ဆယ်ယူပြီး ကျောက်ချရတယ်၊ ကျောက်ချဆားရေစစ်ပြီး သရက်ချဉ်ကို  (၅၀)ပိဿာဝင် စဉ်အိုးကြီးများနဲ့ သိပ်ထားကြတယ်၊ မေလမှ ဇွန်လအတွင်း မိုးမကျမီ လုပ်ကြတယ်၊ ၀ါတွင်းကာလ မှာ စဉ်အိုးဖောက်ပြီး သရက်ချဉ်ကို ဖော်ယူရောင်းချကြတယ်၊ အခု ဆားရေစိမ် သရက်ချဉ် တစ်ပိဿာကို (၅၀၀)ကျပ်ပဲရတယ်၊ ၀ါတွင်းကာလမှာ တစ်ပိဿာကို (၂၀၀၀)ကျပ်ထိ ရောင်းရတယ်၊ ကထိန်အလှူ နှင့် မင်္ဂလာပွဲများမှာ အသုံးများကြတယ်၊ သရက်ချဉ်လုပ်ကိုင်သူတစ်ဦးကို တစ်နှစ်မှာ (၅၀) ပိဿာဝင် စဉ်အိုး (၅၀)မှ (၁၀၀)ထိ သိုလှောင်ထားကြတယ် ‘’ ဟုပြောသည်။
          ပွင့်ဖြူမြို့နယ်ဒေသမှ ထွက်ရှိသော သရက်ချဉ်များကို မင်းဘူး၊မကွေးမြို့ကြီးများမှ တဆင့် ရန်ကုန် ၊မန္တလေး မြို့ကြီးများထိ တင်ပို့ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိသည့်အပြင် အိမ်တွင်း စီးပွားဖြစ်လုပ်ငန်း အဖြစ်  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment