Wednesday, May 3, 2017

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ စုံစမ်းစစ်ဆေးမှုကို သဘောမတူဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား


မြန်မာနိုင်ငံတွင် လူနည်းစုဘင်္ဂါလီများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ရာဇ၀တ်မှု ကျူးလွန်ခဲ့သည့်ဆိုသော စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂ ရက်နေ့တွင် ပယ်ချခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူသတ်မှု၊ မုဒိမ်းမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်များအတွက် မြန်မာနိုင်ငံသို့ စုံစမ်းစစ်ဆေးရေး မစ်ရှင်စေလွှတ်ရန် လူ့အခွင့်အရေးကောင်စီက မတ်လတွင် သဘောတူညီခဲ့သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာမိုဂီရီနီနှင့် ဘရပ်ဆဲလ်၌ သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့မှုအား ဒေါ်အောင်ဆန်းစုကြည်က “ဒီကိစ္စကို ကျွန်မတို့သဘောမတူပါဘူး” ဟုပြောကြားခဲ့သည်။
“ဒီဆုံးဖြတ်ချက်က အမှန်တကယ် ဖြစ်ပျက်နေတာတွေနဲ့ ကိုက်ညီတယ်လို့ ကျွန်မတို့မယူဆတာကြောင့် ဒီဆုံးဖြတ်ချက်ကို ကျွန်မတို့သဘောမတူပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်၏ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီသည့် အကြံပြုချက်များကို မြန်မာနိုင်ငံက ပျော်ပျော်ရွှင်ရွှင် လက်ခံသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
“ဒါပေမဲ့ ရခိုင်ကလူ့အဖွဲ့အစည်းနှစ်ခုကို ထပ်မံကွဲပြားစေမယ့် အကြံပြုချက်တွေကို ကျွန်မတို့လက်ခံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုအကြံပြုချက်တွေက တစ်ချိန်လုံးဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထောက်အကူဖြစ်မှာ မဟုတ်လို့ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဖြစ်စဉ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးတာဝန်ခံ မိုဂီရီနီက ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုကို မြန်မာအစိုးရက အထောက်အပံ့ပေးရန် တောင်းဆိုခဲ့သည်။ စုံစမ်းစစ်ဆေးရေးမစ်ရှင် တည်ထောင်မှုသည် သဘောမတူညီမှုများထဲမှ တစ်ခုဖြစ်ကြောင်း မိုဂီရီနီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“ရှေ့ကိုအတူတကွ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်ဆိုတာ ကျွန်မတို့ အပြည့်အ၀သဘောတူရင် ဒီဖြစ်ရပ်မှန်စုံစမ်းရေးက ပြီးခဲ့တာတွေအတွက် ဖြစ်ရပ်မှန်တွေကို ရှာဖွေဖို့ အထောက်အကူဖြစ်မှာပါ” ဟု မိုဂီရီနီက ပြောကြားခဲ့သည်။
Writer: 
Ref: AFP

0 comments:

Post a Comment