Thursday, May 4, 2017

အမျိုးသားသတင်းဆုပေးပွဲကျင်းပ၊ သတင်းသူရဲကောင်းဆု သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင် ရရှိ

အမျိုးသားသတင်းဆုပေးပွဲကျင်းပ၊ သတင်းသူရဲကောင်းဆု သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင် ရရှိ

❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ရန်ကုန်  မေ ၃

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA)က ကြီးမှူးကျင်းပသော ပဉ္စမ အကြိမ် အမျိုးသားသတင်းဆုပေးပွဲ အခမ်းအနားကို ယနေ့ ညနေ ၆ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky Star Hotel  တွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာ နိုင်ငံသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးသီဟစောက “မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းရဲ့ ရည်မှန်းချက်တာဝန်တွေ ဖြစ်တဲ့ သတင်းသမားများ၏ အကျိုး စီးပွားများကိုကာကွယ် စောင့်ရှောက်ရေး၊ သတင်းသမားများ၏ အရည်အသွေးကို မြှင့်တင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နှစ်စဉ် အမျိုးသား သတင်းဆု ရွေးချယ်ချီးမြှင့်ခြင်းဟာ အဓိကကျတဲ့ လုပ်ငန်းတာဝန် တစ်ရပ် လို့ ယူဆပါတယ်။ အမျိုးသားသတင်း  ဆုချီးမြှင့်ရက်ကို နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေ ၃ ရက် ကို ရွေးချယ်ခဲ့ခြင်းဟာလည်း သတင်း လွတ်လပ်ခွင့်ဟာ မြန်မာသတင်း  လောကအတွက် အရေးကြီးနေသေး ကြောင်းကို ဖော်ညွှန်းလိုတဲ့အတွက် ကြောင့် ဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။

ထို့နောက် ပထမအကြိမ် သတင်း သူရဲကောင်းဆုရရှိခဲ့သူ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး(ဖိုးသောကြာ- ခေတ်+မိုး) ၏ သဝဏ်လွှာအား MJA ပြန်ကြား ရေးမှူး ဦးသာဇော်က ဖတ်ကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးမြတ်ခိုင်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်၊ မြန်မာစာနယ်ဇင်းသမဂ္ဂ၊ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့နှင့် မြန်မာနိုင်ငံ စာရေးဆရာ အသင်းတို့က ပေးပို့သော သဝဏ်လွှာများကို တာဝန်ရှိသူများက ဖတ်ကြားခဲ့ကြသည်။ ဆက်လက် ၍ အမျိုးသားသတင်း  ဆုများကို ပေးအပ်ရာ သတင်း သူရဲ ကောင်းဆုကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးအုန်းကြိုင်ကလည်း ကောင်း၊ သတင်းဆောင်းပါးဆုကို ဦးခင်မောင်မြင့်က လည်းကောင်း၊ သတင်း ကာတွန်းဆုကို မောင်မောင်လေး က လည်းကောင်း၊ သတင်းဓာတ်ပုံဆုကို စိုးမိုးအောင်ကလည်းကောင်း၊ သတင်း ရုပ်သံဆုကို DVB သတင်းဌာနတို့က လည်းကောင်း ရရှိခဲ့ကြရာ တာဝန်ရှိ သူများက ဆုများပေး အပ်ခဲ့ကြသည်။

အမျိုးသားသတင်းဆုရရှိသူများကိုယ်စား သတင်း သူရဲကောင်းဆုရရှိသူဟံသာဝတီ ဦးအုန်းကြိုင်က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ ပထမအကြိမ် အမျိုးသားသတင်းဆုကို ၂၀၁၂ ခုနှစ် မတ် ၁၈ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် အမျိုးသားသတင်းဆု ကို ၂၀၁၃ ခုနှစ် မေ ၃ ရက်တွင် လည်းကောင်း၊ တတိယအကြိမ် အမျိုးသားသတင်းဆုကို ၂၀၁၅ ခုနှစ် မေ ၃၁ ရက်တွင် လည်းကောင်း၊ စတုတ္ထအကြိမ် အမျိုးသားသတင်းဆု ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၁၆ ရက်တွင် လည်းကောင်း၊ ပဉ္စမအကြိမ် အမျိုး သားသတင်းဆုကို ၂၀၁၇ ခုနှစ် မေ ၃ ရက်တွင် လည်းကောင်း ကျင်းပခဲ့သည်။
၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော
ကုလသမဂ္ဂ အထွေထွေညီလာ ခံက နှစ်စဉ် မေ ၃ ရက် ကို က္ဘာ့သတင်း လွတ်လပ်ခွင့်နေ့အဖြစ် သတ်မှတ်ခဲ့သည်။

MOI
သတင်း- ထင်ပေါ်ဝင်း(ကမာရွတ်)၊ မျိုးမင်းသိန်း(မရမ်းကုန်း) ဓာတ်ပုံ - မြင့်သန်းကြည်
(ရွှေပြည်သာ)

0 comments:

Post a Comment