Monday, April 17, 2017

အကျဉ်းထောင်က အလင်းရောင် - တင်မိုး

အကျဉ်းထောင်က အလင်းရောင် -  တင်မိုး
~~~~~~~~~~~~~~~~~~~~~~

ထောင်စခန်းဆိုတာ
အမှောင်လမ်းပါပဲ
ဒါပေမယ့် ..အောင်ပန်းဆွတ်တဲ့ အာဇာနည်တို့ရဲ့
တာရှည် စံမြန်းရာ ။

သစ္စာမဖောက် ဒူးမထောက်
မကြောက်မရွံ့ သူတွေရဲ့  နိဗ္ဗာန်ဘုံမို့
တိရစ္ဆာန်ရုံ မဟုတ်ပါ ။

အရိုင်းဆုံးထဲက လူယဉ်ကျေး
အရဲဆုံး သွေးမို့
အရေးတော်ပုံရဲ့  သူရဲကောင်း
အရောင်မပြောင်းတတ်သူပါ ။

မြန်မာ့ စာနယ်ဇင်းလောကမှာ
အတောက်ပဆုံး ကလောင်ဘုရင်
ဟံသာဝတီ ဦးဝင်းတင် ..တဲ့
ဂန္တဝင်မြောက် စံတင်လောက်အောင်
ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ကျော်
ခေတ်သစ်ရဲ့  မင်းမဟော်လို့
ပူဇော်ထိုက်သူ အမှန်ပါ ။

ပြည်သူကို သူက ချစ်
သူ့ကိုလည်း ပြည်သူက ချစ်
တို့ခေတ်ရဲ့  အလင်းရောင်
မီးရှူးတန်ဆောင် အစစ်ပါ ။

အကျဉ်းထောင်က အလင်းရောင် ပြနေတဲ့
အာဂ သတ္တိရှင်
မိခင်မြန်မာရဲ့ သားရတနာကောင်းကို
ညွတ်ပျောင်း ဦးခိုက် ကန်တော့လိုက်ပါရဲ့  ...
မိုက်မှောင်ကင်း၍
အလင်းရောက်ပါစေ.. ဆရာ ။ ။

ဆရာကြီး တင်မိုး

(၃၁ . ၁၂. ၂၀၀၄)

0 comments:

Post a Comment