Saturday, April 15, 2017

မဟာသင်္ကြန်ကာလတွင် ကျင်းပလေ့ရှိသည့် သိန်းကျင်း ရွှေတန်ဆာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၌ ဆွမ်းလောင်းလှူပွဲကျင်းပ


ဆော ဧပြီ ၁၆
ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်မြို့ဒေသ သိန်းကျင်းကျေးရွာရှိ ရွှေတန်ဆာစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို မဟာသင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၂ ရက်မှ ဧပြီ ၁၆ ရက်အထိ ဗုဒ္ဓဆင်းထုတော်များ လှည့်လည်ပူဇော်ခြင်း၊ အသံမစဲ မဟာပဌာန်းတရားတော် ရွတ်ပွါးပူဇော်ခြင်း၊ တရားပွဲတော်များကျင်းပခြင်း၊ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကျင်းပခြင်း၊ သံဃဒါန ဆွမ်းလောင်းလှူပွဲကျင်းပခြင်းတို့အပြင် ဇာတ်ပွဲ၊ ပျော်ရွှင်ပွဲ များကိုပါ ထည့်သွင်းလျက် စည်ကားစွာကျင်းပသည်။

အဆိုပါ ပွဲတော်၏ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို သင်္ကြန်အကြတ်နေ့ဖြစ်သည့် ဧပြီ ၁၅ ရက် နံနက် ၅ နာရီတွင်လည်းကောင်း၊ သံဃဒါနဆွမ်းလောင်းလှူပွဲကို နံနက် ၈ နာရီတွင်လည်းကောင်း ကျင်းပခဲ့ရာ သံဃာတော် ၃၀၀ ပါးကျော်တို့ကြွရောက်တော်မူကြ၍ ပြည်သူ တစ်သောင်းကျော်ခန့်တို့က ဆွမ်းလောင်းလှူကြ ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြလျက် ရေစက်သွန်းချအမျှပေးဝေကြသည်။

သိန်းကျင်းရွာ ရွှေတန်ဆာစေတီတော် သည် သီရိဓမ္မာသောကမင်း၏ ကောင်းမှုတော်ဖြစ်ခဲ့ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကို လောင်းရှည်မြို့အုပ် ဦးယင်းမာ က ဦးဆောင်လျက် မြန်မာသက္ကရာဇ် ၁၂၄၇ ခုနှစ် တွင် စတင်ကာ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးသည့် သင်္ကြန်အခါကာလ၌ ကျင်းပခဲ့သည်ကို အကြောင်းပြု၍ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အသံမစဲ မဟာပဌာန်းပူဇော်ပွဲကို လွန်ခဲ့သည့် ၃၄ နှစ်ကာလမှစတင်ကာ နှစ်စဉ်ပူဇော်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်
စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment