Wednesday, April 5, 2017

မကွေးမြို့တွင် ငွေကျပ်သိန်း(၆၅၀၀)ကျော်ခန့် အကုန်အကျခံကာ ဆောက်လုပ်လှူဒါန်းသည့် သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီး ဖွင့်လှစ်


မကွေး       ဧပြီ     ၅
မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် လေးထပ်ကျောင်းတိုက်အတွင်းတွင် တည်ဆောက်ပြီးစီးခဲ့သည့်  သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇း၃၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ သီတဂူဆရာတော်ဘုရားကြီးက သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်နဖူးစီးစာတမ်းကို ဖန်လုံးစက်ခလုပ်နှိပ် ဖွင့်လှစ် ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး နိုင်ငံတော်သြ၀ါဒ စရိယဆရာတော် မကွေးမြို့ ရာဇမုနိကျောင်းတိုက် ပဓာနနာယက၊ မဟာသဒမ္မဇောတိကဓဇ၊ဘဒ္ဒန္တကေလာ သထံမှ ငါးပါးသီလ ခံယူကြပြီး သံဃယာတော် အရှင်မြတ်များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက သာသနာရေး ဆိုင်ရာများကို လျှောက်ထားကာ ဆေးရုံတော်အလှူရှင်မိသားစုများက သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးကို သာဟတ္တိကမြောက်ကိုယ်တိုင်ဆက်ကပ်လှူဒါန်းပြီး ဆေးရုံအလှူရှင် ဦးကျော်သက်ဦးက သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး ဆောက်လုပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားသည်။

ထို့နောက် သီတဂူ ဗုဒ္ဓတက္ကသိုလ်ကြီးများ၏ အဓိပတိ၊ ရွှေကျင်နိကာယဥပဥက္ကဌ၊ အဘိဓဇမစာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကကထိက၊ ဒေါက်တာ ဘဒ္ဒန္တဥာဏိဿရ သီတဂူ ဆရာတော် ဘုရားကြီးထံမှ အလှူရှင်များနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြားကာ ရေစက် သွန်းလောင်း အမျှပေးဝေခဲ့ကြသည်။

ဆက်လက်ပြီး သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူးနှင့် သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီး အလှူရှင် ဦးကျော်သက်ဦး၊ဒေါ်သန်းသန်းစောတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး  ယင်းနောက် သီတဂူဆရာတော်ဘုရားကြီးက သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီး ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးအား ပရိတ်နံ့သာရည်များပက်ဖျန်းပေးကြသည်။ ထို့နောက် သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး၏ မော်ကွန်းရွှေစတီးပြားအား အလှူရှင်မိသားစုများက စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး သီတဂူဆရာတော်ဘုရားကြီးနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်ဝန်ကြီးများ၊ဧည်သည် တော်များက ဆေးရုံအတွင်း ဆေးကုသမှုခံယူ လျက်ရှိသော မျက်စိဝေဒနာရှင်လူနာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီးကို အလှူရှင် ဦးကျော်သက်ဦး၊ ဇနီးဒေါ်သန်းသန်းစော မိသားစှု ၂၀၁၆ခုနှစ်တွင်စတင် ဆောက်လုပ်ခဲ့ပြီး အလျား (၁၆၆)ပေ၊အနံ(၈၀)ပေ RC စနစ်ဖြင့် အမိုးဒိုင်းများကို Streel Structure ဖြင့်ဆောက်လုပ်ကာ ကျပ်သိန်းပေါင်း(၆၅၀၀)သိန်းကျော်ခန့် အကုန်အကျခံ ဆောက်လုပ်ခဲ့ပြီး သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီး လျှပ်စစ်မီးရရှိရေးအတွက် 200KVA ဓါတ်အားရှိ ထရန်စဖော်မာကိုလည်း တပ်ဆင်ပေးထားပြီးဖြစ်ရာ တိုင်းဒေသကြီးအတွင်းမှ မျက်စိဝေဒနာရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာ ရှင်များ လာရောက်ကုသမှုခံယူလျက်ရှိကြောင်း နှင့် သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံတော်ကြီးကို ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏ လမ်းညွှန်သြ၀ါဒအရ အပူပိုင်းဒေသဖြစ်၍ မျက်စိဝေဒနာ အများအပြား ခံစားရ တတ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကျေးရွာများမှ အများပြည်သူရဟန်းရှင်လူများ အလင်းဓါတ် ရရှိစေရန် ရည်ရွယ်ပြီး ဦးကျော်သက်ဦး၊ ဇနီးဒေါ်သန်းသန်းစော (မြင့်မိုရ်စံ)မိသားစုမှ ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment