Wednesday, April 12, 2017

မန်းရွှေစက်တော်ဘုရားပွဲတော် နှစ်ဆန်း(၂)ရက်တွင် ပိတ်ပွဲကျင်းပမည်



မင်းဘူး      ဧပြီ        ၁၂
မကွေးတိုင်းဒေသကြီး၊မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ရာ ပါဒခြေတော်မြတ် ပိတ်ပွဲအား နှစ်ဆန်း(၂)ရက်နေ့သို့ ပြောင်းရွှေ့ ကျင်းပမည်ဖြစ်သည်။

မန်းရွှေစက်တော်ရာဖွင့်ပွဲအား နှစ်စဉ် တပိုတွဲလဆန်း(၅)ရက်နေ့တွင် ကျင်းပမြဲဖြစ်ပြီး၊ ပိတ်သိမ်းပွဲအား နှစ်စဉ် မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် ကျင်းပမြဲဖြစ်ရာ ယခုနှစ်မှစ၍ ပိတ်သိမ်းပွဲအား မြန်မာနှစ်ဆန်း(၂)ရက်နေ့တွင် ကျင်းပသွား မည်ဖြစ်ကြောင်း၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် တိုင်းသံဃာ့နာယကဆရာတော်ကြီးများ၊ မန်းရွှေစက်တော်ဘုရား သြ၀ါဒစရိယဆရာတော်ကြီးများမှာ မြန်မာ့ရိုးရာအစဉ်အလာအရ အန္တရာယ်ကင်းပရိတရားတော်များ ချီးမြှင့်ပွဲများ၊ နှစ်သစ်မင်္ဂလာကိစ္စရပ်များဖြင့် မအားလပ်နိုင်သည့်အတွက် မြန်မာနှစ်ဆန်း(၂)ရက်နေ့သို့ ပြောင်းရွှေသတ်မှတ် လိုက်ခြင်းဖြစ်ကြောင်း မန်းရွှေစက် တော်ရာ ဂေါပကအဖွဲ့ထံမှသိရှိရသည်။

အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာပြည်သူများသည်လည်း မန်းရွှေစက်တော်ရာဘုရားပွဲတော်ရှိ နမ္မဒါ မန်းချောင်းတွင် သင်္ကြန်းကာလတစ်လျှောက် မန်းချောင်းရေအေးအေးလေဖြင့် သင်္ကြန်းရေပက်ဖြန်း ကစားပျော်ပါးလေ့ ရှိကြပြီး၊ ယခုနှစ်တွင် အများပြည်သူများ  စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ဘုရားဖူးမျှော်ကြည်ညိုရင်း မန်းချောင်းရေးတွင် သင်္ကြန်းကာလမှ နှစ်ဆန်းတစ်ရက်နေ့ထိ ရေကစားနိုင်မည်ဖြစ်ကြောင်းနှင့် နှစ်သစ်မှာ စိတ်ချမ်းမြေ့ပျော်ရွင်နိုင်ရန် မန်းချောင်းအတာရေဖြင့် ပက်ဖြန်းဆေးကြောနိုင်ကြမည်ဖြစ်ကြောင်း သိရှိရသည်

သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment