Wednesday, April 12, 2017

ယောမြို့ရှိ ကျောင်းကြီးရှင်ချစ် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ


ကျောက်ထု ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး ဆောမြို့နယ် ကျောက်ထုမြို့ဒေသ ယောမြို့ရွာရှိ ရှေးဟောင်းသမိုင်းဝင် ကျောင်းကြီးရှင်ချစ်စေတီတော် ၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီ ၈ ရက်မှ ၁၂ ရက်ထိ ကျင်းပ၍ ဗုဒ္ဓရုပ်ပွါးတော်များ ပူဇော်ခံလှည့်လည်ခြင်း၊ ဓမ္မသဘင်များ ဆင်ယင်ကျင်းပခြင်း၊ သံဃာတော် ၃၅၀ ပါးကျော်တို့အား သံဃဒါန ဆွမ်းလောင်းလှူပွဲ ကျင်းပခြင်းတို့အပြင် ကြွရောက်လာကြသည့် ဧည့်ပရိဿတ်များအား စတုဒီသာ ကျွေးမွေး ဧည့်ခံကြကာ ဇာတ်ပွဲ၊ ပျော်ရွှင်ပွဲ၊ အားကစားပွဲများ ထည့်သွင်းကျင်းပခြင်းတို့ဖြင့် စည်ကားစွာကျင်းပသည်။

အဆိုပါ ကျောင်းကြီးရှင်ချစ်စေတီတော်သည် သီရီဓမ္မာအသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတစ်ဆူဖြစ်ကာ သက္ကရာဇ် ၄၅၃ ခုနှစ်တွင် အလောင်းစည်သူမင်းက ပြန်လည်ပြုပြင်မွမ်းခဲ့ကြောင်းနှင့် ထိုကာလက ၅၃ ရွာပိုင် စေတီတော်အဖြစ် ကိုးကွယ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ကုန်းဘောင်မင်းဆက်ကာလက ယောမင်းကြီးဦးဘိုးလှိုင်ကို အကြောင်းပြု၍ ယောမြို့ကို လူသိများခဲ့ သည်။ ယခုအခါ ယောမြို့မှာ ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်ထုမြို့ဒေသ ကျေးရွာတစ်ရွာအဖြစ်သာ တည်ရှိ၍ ကျေးရွာနေပြည်သူများသည် တောင်သူလယ်ယာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းကြလျက် အဆိုပါဒေသထွက် မြန်မာ့လှည်းလုပ်ငန်း ၊မြေအိုးလုပ်ငန်း၊ ပဲလှော်လုပ်ငန်းတို့မှာ နာမည်ကြီးဆဲဖြစ်သည်။
ဘုရားပွဲတော်လာ ပရိဿတ်အား ယောမြို့နေပြည်သူများက ထမင်း၊ မုန့်ဟင်းခါး၊ ကြာဇံသုတ် စသည်တို့အပါအဝင် စတုဒီသာ နိဗ္ဗာန်ဈေးခင်းကာ ကျွေးမွေးလှူဒါန်းကြသည့်အပြင် ကျောက်ထုမြို့ရှိ ရပ်ကွက်များနေ စေတနာရှင်များ၊ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် နတ်ရဲ၊ မြို့ပေါက် မင်းကြည့် စသည့် ကျေးရွာများမှ စေတနာရှင်များကလည်း နိဗ္ဗာန်ဈေးတည်ခင်း ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

စိန်ကျော်(ဝါးဘိုးချောင်)

0 comments:

Post a Comment