Wednesday, April 5, 2017

ပါဝါရုံရွှေပန်းမြိုင် စေတီတော်တွင် မြတ်ဗုဒ္ဓ၏ ပါဒစက်တော်ရာ ဖွင့်ပွဲကျင်းပ

ပွင့်ဖြူ        ဧပြီ        ၆
မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူမြို့နယ် ဘုရားကုန်းကျေးရွာအနီးရှိ ကဿပဘုရားရှင် သီတင်းသုံးတော်မှုခဲ့သည့် ပါဝါရုံ ရွှေပန်းမြိုင်စေတီတော်တွင် မြတ်ဗုဒ္ဓ၏ ပါဒစက်တော်ရာ ဖွင့်ပွဲအခမ်းအနားအား ဧပြီလ(၆)ရက်နေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ပါဒစက်တော်ရာဖွင့်ပွဲအခမ်းအနားတွင် ရှေးဦးစွာ ဖွင့်ပွဲအထိမ်းအမှတ်ဖဲကြိုးအား ရွှေပန်းမြိုင်စေတီတော် နာယကဆရာတော်ကြီး ဘဒ္ဒန္တ ဇောတိက၊ ပွင့်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ဆန်းမြင့်နှင့် ရွှေပန်းမြိုင် စေတီတော် အကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးဖိုးပါတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား/ကျောင်းသူများမှ ပါဒစက်တော်ရာ ဖွင့်ပွဲဆိုင်းဘုတ်အား ရတနာကြိုးဆွဲ၍ ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် နာယကဆရာတော်ကြီးများနှင့် ဧည့်သည်တော် များမှ ပါဒစက်တော်ရာအား အမွှေးနံ့သာရည်များပက်ဖြန်းပူးဇော်ပြီး အောင်ဂါထာရွတ်ဆို၍ ပန်း၊ဆီမီး၊ရေချမ်းနှင့် သစ်သီး ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သာသနာ့နွယ်ဝင် သီလရှင်များမှ (၁၀၈)ကွက် စက်လက္ခဏာဘုရားရှိခိုးပူဇော်ပြီး သံဃာတော် အရှင်သူမြတ်များမှ  ဗုဒ္ဓဘိသေက အနေကဇာတင်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ကာ ဖွင့်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနာ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပါဝါရုံ ရွှေပန်းမြိုင်စေတီတော်သည် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဘုရားလေးဆူကြွရောက် သီတင်းသုံးတော်မူခဲ့သော ရုံလေးရုံ၊အောင်မြေလေးနေရာများအနက် တတိယပွင့်တော်မှုသော ကဿပဘုရားရှင် သီတင်းသုံးတော်မှုခဲ့သောနေရာအား စေတီတည်ထားသော အောင်မြေနေရာဖြစ်ကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment