Friday, April 21, 2017

နိုင်ငံရေးပါတီဘက်ကို ခြေချတော့မယ့် ၈၈ မျိုးဆက်များ

နိုင်ငံရေးပါတီဘက်ကို ခြေချတော့မယ့် ၈၈ မျိုးဆက်များ
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
ရန်ကုန်၊ ဧပြီ ၁၉ – မြန်မာ့နိုင်ငံရေး ဒီမိုကရေစီ ခရီးလမ်းမှာ ကျောင်းသား မျိုးဆက်ဟောင်းတွေထဲက ၈၈ မျိုးဆက်က ဦးဆောင်ပြီး နိုင်ငံရေး ပါတီတစ်ခု ထူထောင်ဖို့ ပြင်ဆင်နေကြပါပြီ။

အခုနှစ် မတ်လ ၃၀ ၊ ၃၁ ရက်နေ့တွေမှာ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ခန်းမမှာ နိုင်ငံရေး ပါတီတစ်ရပ် ပေါ်ထွန်းလာရေး ဆွေးနွေးကြပါတယ်။

အစည်းအဝေးမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၇၆ ခုနှစ်တွေ တုန်းက နိုင်ငံရေး လှုပ်ရှားခဲ့ကြသူတွေ၊ မသန်စွမ်း အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေး သမားတွေ တက်ရောက်ကြတယ်။ ၈၈ အရေးတော်ပုံ ကနေ နိုင်ငံရပ်ခြား ရောက်ရှိသွားတဲ့ ကျောင်းသား ဟောင်းတွေရော ပညာရှင်တွေပါ ဆွေးနွေးပွဲကို တက်ရောက်ကြပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်ချက်တွေ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွေဟာ လက်ရှိမှာတော့ တုံ့ဆိုင်းနေဆဲ ဖြစ်ပါတယ်။
ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရကို အတိုက်အခံပြုမယ့်၊ ထောက်ပြ ဝေဖန် အကြံပေးနိုင်ဖို့ အားကောင်းတဲ့ နိုင်ငံရေး ပါတီ တစ်ရပ် လိုကောင်း လိုအပ်နေတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။

ပါတီ တည်ထောင်ဖို့ ကြံရွယ်နေကြတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ကတော့ လူကို အခြေခံတဲ့ နိုင်ငံရေး အခြေအနေတွေ ကနေ မူကို အခြေခံတဲ့ နိုင်ငံရေး အခြေအနေကို ပြောင်းလဲနိုင်တဲ့ မူဝါဒတွေ ပါဝင်တဲ့ နိုင်ငံရေး ပါတီ တစ်ရပ် ပေါ်ထွန်းလာဖို့ ဆောင်ရွက်မယ်လို့ ပြောဆိုထားကြပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီး က ‘လောလောဆယ်မှာက လူထုက အာဏာရှင်ကို ဆန့်ကျင်တဲ့ လူတွေကို ထောက်ခံပြီး မဲပေးခဲ့တယ်၊ ရေရှည်မှာတော့ ဘယ်လောက် စွမ်းဆောင်မှု ကောင်းလဲ၊ မူဝါဒတွေ ကောင်းလဲဆိုတဲ့ အပေါ် မှာ မူတည် လာမှာပါ၊ အဲဒီကနေ မှ နောက်တစ်ဆင့် တက်လို့ရမှာပါ ' လို့ ပါတီတစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံ ဆွေးနွေးပွဲမှာ ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အာဏာရှင် စနစ် ကနေ ပြောင်းလဲဖို့ လူပုဂ္ဂိုလ်ကို အခြေခံထားတာ ဖြစ်ပေမဲ့ ရေရှည်မှာတော့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ထိခိုက်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဦးမြအေးက သုံးသပ်ပါတယ်။

သူက ‘မူဝါဒသာ ခိုင်ခိုင်မာမာ ရှိရင် ဘယ်သူပဲ ဖြစ်ဖြစ်၊ မူဝါဒ ခိုင်မာတဲ့ အတွက် လူတွေ ဘယ်လိုပဲ ပြောင်းလဲ သွားသွား နောက်မျိုးဆက်တွေအ တွက်လဲ ဒီမူဝါဒ ခိုင်မာမှုကို တည့်တည့် မတ်မတ် လျှောက်နိုင်ကြမယ်၊ နိုင်ငံရေးရဲ့ စစ်မှန်တဲ့ သဘောတရားဟာလဲ မူပဲဖြစ်တယ်” လို့ ပြောတယ်။

■ဘယ်လိုမူတွေလဲ

နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး ဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး မူဝါဒနဲ့ တိုင်းရင်းသား တန်းတူရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး မျှတ၍ ရေရှည် ဖွံ့ဖြိုး တိုးတက်မှု၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တရားမျှတမှု၊ ကျား / မ အခွင့်အရေး တန်းတူရေး၊ အမျိုးသမီး များနဲ့ ကလေးသူငယ် အခွင့်အရေး စတာတွေကို ဆွေးနွေးးခဲ့ ကြပါတယ်။

လောလောဆယ်မှာတော့ ၈၈ မျိုးဆက် ကျောင်းသား ဟောင်းတွေရဲ့ နိုင်ငံရေးပါတီ အတွက် ပါတီ မှတ်ပုံတင်ပြီး ဖြတ်သန်းရမယ့် နိုင်ငံရေး ခရီးရှည်အတွက် တက်ရောက် လာကြတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ကနေ ပါတီရဲ့ မူဝါဒ ပိုင်းမှာ ထည့်သွင်း သင့်တာတွေကို အကြံပြု ခဲ့ကြပါတယ်။ ၈၈ မျိုး ဆက် ကျောင်းသား ခေါင်းဆောင်တွေ ကလည်း ပါတီအတွက် ဘယ်လို မူဝါဒတွေ ချမှတ်သင့်တယ်လို့ ပေးပို့လာတဲ့ အကြံပြုချက်တွေကို လက်ခံနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး ဆွေးနွေးပွဲ မှာတော့ ကမ္ဘာ့ နိုင်ငံရေး၊ မြန်မာ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို တက်ရောက် လာသူတွေက လေ့လာ သုံးသပ်ပြီး ဝေဖန် ထောက်ပြကာ အကြံပြု ထားကြတယ်လို့ ဆိုပါတယ်။

■ဖက်ဒရယ် ဒီမိုကရေစီ

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် ဆွေးနွေးပွဲမှာ တက်ရောက် လာသူတွေက အဓိကအားဖြင့် ပင်လုံ စိတ်ဓာတ်နဲ့ ပင်လုံ ကတိကဝတ်တွေ ဖြစ်တယ်ဆိုတဲ့ အမြင်နှစ်ခု ပေးပြီး ဆွေးနွေး တင်ပြကြပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းလာရေးနဲ့ ပတ်သက်ပြီး လက်ရှိ အဖွဲ့အစည်းတွေရဲ့ အားနည်းချက် ဟာ အများစုက မြန်မာကို ဗမာလို့ သတ်မှတ်တာ ဖြစ်တယ်လို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

‘ဒီမိုကရေစီမရှိဘဲ ဖက်ဒရယ် မရှိနိုင်ဘူး၊ ဒီမိုကရေစီ ရရှိရေးဟာ ဖက်ဒရယ် ပြဿနာ ဖြေရှင်းရေး အတွက် အဓိက သော့ချက် ဖြစ်တယ်” လို့ ဆွေးနွေးပွဲမှာ တင်ပြ ဆွေးနွေးလာတဲ့အ ချက်တွေထဲက ကောက်နုတ်ပြီး ဦးမြအေးက  ဖတ်ကြား သွားပါတယ်။ ဖက်ဒရယ် အရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသား တန်းတူ ဖြစ်ရေးဟာ အဓိက ဖြစ်တယ် ဆိုတာကိုလည်း အများစုက ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ဆိုပါတယ်။

ပါတီ တည်ထောင်မယ် ဆိုလို့ ရှိရင် မဟာမိတ် မူဝါဒ ကောင်းကောင်း ရှိဖို့ အရေးကြီးသလို ပါတီ တစ်ရပ်ဟာ လူမျိုးကို ကိုယ်စားပြုတဲ့ ပုံစံမျိုးလည်း မဖြစ်စေချင်ဘဲ မူဝါဒပေါ်မှာသာ အခြေခံစေချင်တယ်လို့ ဆွေးနွေးကြပါတယ်။

ဦးမြအေးက ‘၈၈ အရေးအခင်း နောက်ပိုင်းမှာ နိုင်ငံရေး ပါတီတွေ ပေါ်ပေါက်လာတယ်၊ အားလုံး ပေါ်ပေါက်ခြင်းဟာ  ကိုယ်ပိုင် သမ္မတနိုင်ငံ ထူထောင်ခြင်း ထက် တန်းတူညီမျှတဲ့ နိုင်ငံတော် ပေါ်ပေါက်ရေး ကို မျှော်လင့်တယ်၊ နောက်တစ်ခုက လူမျိုးကြီး ပါတီကြီး ခေါင်းဆောင်ကြီး စိတ်ဓာတ်နဲ့ လွှမ်းမိုးဖို့ မကြိုးစားဘဲ ညွန့်ပေါင်း မဟာမိတ်အဖွဲ့ ထည့်သွင်း စဉ်းစားသင့်တယ် လို့ ဆွေးနွေးပါတယ်” လို့ ဆွေးနွေး တင်ပြချက်တွေ ထဲက အချက်အချို့ကို ကောက်နုတ် ဖတ်ကြားပါတယ်။

ကျောင်းသားဟောင်းတွေ ထူထောင်တော့မယ့် ပါတီရဲ့ ဖက်ဒရယ် အရေးနဲ့ ပတ်သက်တဲ့ မူဝါဒပိုင်းမှာ ပါတီ ရွေးကောက်ပွဲ နိုင်ဖို့ ဆွဲခေါ်ပြီး ရွေးကောက်ပွဲပြီးမှ ဆွဲချတာမျိုး မလုပ်သင့်ဘဲ တိုင်းရင်းသား ပြည်နယ်တွေမှာ ဒေသအလိုက် နိုင်ငံရေးပါတီတွေ အားကောင်းလာအောင် လုပ်ဆောင်ပေးဖို့ လိုအပ်တယ် ဆိုတာကိုလည်း တက်ရောက် လာသူတွေက တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေး ဆိုတဲ့ ခေါင်းစဉ် အောက်မှာပဲ ‘ပါတီသစ်ဟာ ပြည်မ အခြေစိုက် ပါတီလား၊ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုတဲ့ ပါတီလား ကွဲပြားဖို့ လိုအပ်ပါတယ်၊ တပ်ပေါင်းစု မဟာမိတ် ပါတီသာလျှင် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုမှာ ဖြစ်ပါတယ်” ဆိုတဲ့ အချက် ကိုလည်း ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။

■အရပ်ဘက်  - စစ်ဘက်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) ဟာ ဖွဲ့စည်းပုံပြင်ဖို့ အဖြစ်နိုင်ဆုံး နည်းလမ်း ဖြစ်တယ်။ NCA ရုပ်လုံး ပေါ်လာတဲ့ အချိန်မှာ NCA အပေါ်မှာ ညီညီ ညွတ်ညွတ် လုပ်နိုင်မယ် ဆိုရင် ဖွဲ့စည်းပုံ ပြင်ဖို့ ဖြစ်လာနိုင်တယ်လို့ ယူဆကြတယ်လို့ ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။

စစ်ဘက် - အရပ်ဘက် ဆက်ဆံရေး ဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး အဓိက အချက်တွေ အနေနဲ့ စစ်တပ်သည် အရပ်ဘက် အုပ်စုများမှာ ရှိရမှာ ဖြစ်တယ်လို့ အများစုက တင်ပြ ဆွေးနွေးကြပါတယ်။

ဆက်လက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပြီးမှ ဖွဲ့စည်းပုံ ပြင်မယ် ဆိုတာထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်နေစဉ် အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်တာကြောင့် အန္တရာယ် မရှိနိုင်တဲ့ အာမခံ ပေးနိုင်တာတွေကို ပြင်ဆင်ရမှာ ဖြစ်တယ် ဆိုတဲ့ အချက်ကိုလည်း ပါတီသစ်ရဲ့ မူဝါဒ မှာ ထည့်သွင်းဖို့ အကြံပြုကြပါတယ်။

ဒါ့အပြင် စစ်ဘက် - အရပ်ဘက် ဆက်ဆံရေးကို ဖော်ဆောင်ရာမှာ စစ်ဘက် - စစ်ဘက် အချင်းချင်း မဟုတ်သလို အရပ်ဘက် - အရပ်ဘက်ချင်းလည်း မဟုတ်ဘဲ အရပ်ဘက်နဲ့ စစ်ဘက် ပြေလည်ဖို့၊ သဘော တူညီဖို့၊ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ဖို့ လုပ်ဆောင် သင့်တယ်လို့ ဆက်လက် ဆွေးနွေးပါတယ်။

■နိုင်ငံသား အခွင့်အရေး

နိုင်ငံသား အခွင့်အရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာ ကတော့ လူ့အခွင့်အရေး မရရှိဘဲ ဒီမိုကရေစီ မရရှိဘူး။ လူ့အခွင့်အရေး ဆိုတာ ဘာလဲ ဆိုလို့ရှိရင် နိုင်ငံသားတိုင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်၊ စည်းရုံးလှုံ့ဆော်ခွင့် စတဲ့ အခွင့်အရေးတွေပဲ  ဖြစ်ပါတယ်။ ဒီမိုကရေစီ လူ့အခွင့်ရေးကို တစိုက်မတ်မတ် ရရှိအောင် ဆောင်ရွက်ပေးမယ့် ပါတီတွေလည်း လိုအပ်နေပါတယ်။

နိုင်ငံတွေရဲ့ ဖြတ်သန်းမှုဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဆိုတာ ရုန်းကန်ရမြဲ ဖြစ်တယ်လို့ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး လူ့အခွင့်အရေးကို ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။

“နိုင်ငံသား အခွင့်အရေးပဲ ပြောပြော လူ့အခွင့်အရေးပဲ ပြောပြော ဘယ်လောက် အထိ  လေးစားလိုက်နာ ကျင့်သုံးလဲ ဆိုတာ မိမိနဲ့ သဘောတူသူသည် မိမိနဲ့ သဘော မတူသူ အပေါ်မှာ အဲဒီ ဥပဒေအတိုင်း ကျင့်သုံးနိုင်လား ဆိုတဲ့စံနဲ့ တိုင်းပါတယ်” လို့ ဆိုပါတယ်။

မူဝါဒမှာ လူဟာ နိုင်ငံထက် အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီဟာ အစိုးရကောင်း ဖြစ်ရေးကို အာမခံချက် မပေးပါ။ နိုင်ငံသားတွေရဲ့ အခွင့်အရေးဟာ ပိုအရေးကြီးပါတယ်။ လူ့အခွင့်အရေး စံတွေကို တိုင်းတာ ရပါမယ်။ နိုင်ငံရေး ပါတီတွေဟာ အစိုးရ လုပ်ငန်းစဉ်တွေနဲ့ ဆက်စပ်နေပါတယ်။  အစိုးရ ဖြစ်လာရင်လည်း လူ့အခွင့်အရေး တွေကို ကာကွယ် ပေးရပါမယ် ဆိုတဲ့ အချက်တွေ ထည့်သွင်းဖို့လည်း တက်ရောက် လာသူတွေက ဆွေးနွေး အကြံပြုကြပါတယ်။

အနာဂတ်မှာ လူ့အခွင့်အရေး ဒီမိုကရေစီ ဖြစ်ထွန်းရေး စံချိန်စံညွှန်းများ အတိုင်း အစိုးရအဖွဲ့ရဲ့ မူဝါဒတွေကို တိုင်းတာကြပါတယ် လို့ ဆွေးနွေး တင်ပြကြပါတယ်။

ကျား / မ အခွင့်အရေး တန်းတူရေး၊ အမျိုးသမီးများနဲ့ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အကြောင်းအရာ တွေကို သေချာ ထည့်သွင်း ရေးဆွဲဖို့ လိုအပ်တယ်လို့ တက်ရောက် လာသူတွေက အကြံပြုထားပါတယ်။

■စီးပွားရေးမူဝါဒ

ရေရှည် တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် သဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲမှု၊ လူမှုဘဝ တရားမျှတမှုနဲ့ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ဖော်ဆောင်ဖို့ဟာ အဓိက အနှစ်ချုပ် စီးပွားရေး ရည်မှန်းချက်တွေ ဖြစ်သင့်တယ်လို့ ဆွေးနွေးကြပါတယ်။

တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်တွင်းမှာ ရှိတဲ့ အရင်းအမြစ်တွေ အပေါ်မှာ အခြေခံပြီး ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းတွေ ဖော်ဆောင်နိုင်တဲ့ မူဝါဒတွေ ချမှတ်ဖို့လည်း တက်ရောက်လာသူတွေက တင်ပြ ဆွေးနွေးကြပါတယ်။

လယ်ယာ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ဖို့နဲ့ အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်ရေးကို လည်း မူဝါဒ ချမှတ် ရေးဆွဲဖို့ တင်ပြ ဆွေးနွေးကြပါတယ်။

ပါတီသစ် ထူထောင်ရေး အတွက် တက်ရောက် လာသူတွေက တင်ပြချက်တွေကို ပါတီရဲ့ မူဝါဒတွေ ရေးဆွဲရာမှာ ထည့်သွင်းမှာ ဖြစ်သလို ကာလ အပိုင်းအခြားနဲ့ ခေတ် ပြောင်းလဲမှုပေါ် မူတည်ပြီး မူဝါဒ အရွေ့များ ဖြစ်နိုင်ခြေ ရှိတယ် လို့ ဦးမြအေးက ပြောပါတယ်။

‘နိုင်ငံရေး ပါတီတစ်ရပ် ပေါ်ထွန်းလာရေး နှစ်ရက်တာ ဆွေးနွေးပွဲမှာ ဆွေးနွေးချက်တွေဟာ ပါတီဖွဲ့စည်းရာမှာ များစွာ အထောက်အကူ ပြုမယ်လို့ ယုံကြည်ပါတယ်” လို့ ဦးမြအေး က ပြောပါတယ်။

■ဖိတ်ခေါ်

၈၈ မျိုးဆက် ကျောင်းသားဟောင်းများ ပါဝင်တဲ့ နိုင်ငံရေး ပါတီအသစ် ထူထောင်ရေး အတွက် လာမယ့် မေလထဲမှာ ပါတီဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းမှာ ဖြစ်တယ်လို့ နိုင်ငံရေး ပါတီအသစ် တစ်ရပ် ပေါ်ပေါက် lရေးကို ကြိုးပမ်း ဆောင်ရွက်နေတဲ့ ဦးမင်းဇေယျာက ပြောပါတယ်။

အဲသည် ပါတီ ဖြစ်မြောက်ရေး ကော်မတီက တစ်ဆင့် ပါတီရဲ့  မူဝါဒ၊ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းနဲ့ ပြန်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းရုံးရေးစတဲ့  ဆပ်ကော်မတီတွေ ကိုလည်း ဆက်လက် ဖွဲ့စည်းမှာ ဖြစ်ပါတယ်။

ဦးမင်းဇေယျာ က ‘ပါတီဖြစ်မြောက်ရေး ကော်မတီကနေ ပြီးတော့ ပါတီ ဖွဲ့စည်းပုံ စည်းမျဉ်းတွေ ရေးဆွဲမယ်၊ ညှိနှိုင်းမယ်၊ တိုင်ပင်မယ်” လို့ ပြောပါတယ်။

အနယ်နယ် အရပ်ရပ်မှာ နိုင်ငံရေးကို စိတ်ဝင်စားသူ  ဘယ်သူမဆို ပါတီ ဖြစ်မြောက်ရေးနဲ့ ပါတီမှာ ပါဝင်ချင်သူတွေ အနေနဲ့လည်း ပူးပေါင်း ပါဝင်ချင်တယ် ဆိုရင်လည်း အကြောင်းကြားဖို့ကို ၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေက ဖိတ်ခေါ်ထားပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက ‘အနယ်နယ် အရပ်ရပ်က စိတ်ဝင်စားသူတွေ အနေနဲ့လဲ ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူငယ်တွေလဲ ပါဝင်နိုင်ပါတယ်၊ ကျွန်တော်တို့ ဆီကို လာစရာမလိုပါဘူး၊ အကြောင်း ကြားလိုက်ပါ၊ ကျွန်တော်တို့ ရောက်အောင်လာခဲ့မှာပါ˘ လို့ ပြောပါတယ်။

ဒီမိုကရေစီ အရေးတော်ပုံ ကာလ တစ်လျှောက်လုံးမှာ ပါဝင်ခဲ့သူတွေ ပါဝင်တဲ့ နိုင်ငံရေး ပါတီဟာ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို ပိုမို ခိုင်ခံ့လာစေနိုင်တယ် လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက သုံးသပ်ကြပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက ‘ဒီမိုကရေစီပါတီ စစ်စစ် ဖြစ်လာမယ်လို့ မျှော်လင့်တယ်၊ တိုင်းပြည်အတွက် အကျိုးရှိမယ့်ဘက်က  များပါတယ်၊ ဘာကြောင့်ဆို ခေတ်ပညာတတ်တွေ များများ ပါတီ နိုင်ငံရေးမှာ လိုအပ်ပါတယ်၊ ၈၈ က ထောင်မယ့် ပါတီ ဆိုတော့ သူတို့က နဂိုကတည်းက ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ကိစ္စတွေကို နားလည်သဘော ပေါက်တဲ့သူတွေ အများကြီး ပါလာမှာပါ ” လို့ ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားဟောင်းတွေ ပါတီ ထူထောင်ရေး အတွက် ပါတီမှာ ပါဝင်သူတွေရဲ့ သဘောထား တွေနဲ့ပဲ မူဝါဒတွေ ချမှတ်တာ မဟုတ်ဘဲ အတွေ့အကြုံ ရှိတဲ့ နိုင်ငံရေး သမားတွေ၊ တိုင်းရင်းသား ပါတီတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး အကြံပြုချက်တွေ တောင်းခံထားတာဟာ ဒီမိုကရေစီ နည်းလမ်းကျနေ သလို တိုင်းရင်းသားတွေ အတွက်လည်း မဟာမိတ်ကောင်း ဖြစ်လာနိုင်တယ်လို့ ရခိုင် အမျိုးသား ပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော က သုံးသပ်ပါတယ်။

သူက “လက်ရှိမှာ ကြံ့ခိုင်ရေး ပါတီရှိတယ်၊ လက်ရှိ အာဏာရနေတဲ့ အင်န်အယ်လ်ဒီ ရှိတယ်၊ ဒါပေမဲ့ တိုင်းရင်းသားတွေ လိုလား တောင့်တနေတဲ့ ဖက်ဒရယ် ရေးရာ မူဝါဒ ပြတ်ပြတ် သားသား မတွေ့ရဘူး၊ အခု အချိန်မှာ ပါတီသစ် ထူထောင်မယ် ဆိုရင် တိကျတဲ့ မူဝါဒတွေ ရှိဖို့ လိုတယ်၊ သူတို့က (၈၈ ကျောင်းသား ဟောင်းတွေ) ပါတီ ထူထောင်ဖို့ တိုင်းရင်းသားတွေ လိုအပ်ချက်နဲ့ ပတ်သက်ပြီး ဦးလေး တို့ကို ဖိတ်တယ်၊ ဒါဟာ တိုင်းရင်းသားတွေရဲ့ မဟာမိတ်ဖွဲ့တဲ့ ပုံစံပါ” လို့ ပြောပါတယ်။

■မဟာမိတ်

မူဝါဒ တူညီတဲ့ ပါတီတွေကို မဟာမိတ် ဆက်ဆံရေး ပြုလုပ်မှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ပါဝင်မယ့် နိုင်ငံရေး ပါတီသစ် ထူထောင်ရေး ဆောင်ရွက် နေတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တွေ က ပြောဆိုထား ကြပါတယ်။

‘နိုင်ငံရေးပါတီ တစ်ခုဟာ ပါတီစုံ ဒီမိုကရေစီ စနစ်ထဲမှာ လှုပ်ရှားတဲ့ အခါမှာ မဟာမိတ် မူဝါဒက အရေးကြီးတယ်၊ ကျွန်တော်တို့ ပါတီဘက်က ကျင့်သုံးမယ့် မူဝါဒများနဲ့ တူညီတဲ့၊ ကိုက်ညီတဲ့ ပါတီများကို မဟာမိတ် မူဝါဒနဲ့ ဆက်ဆံ မှာပါ” လို့ ဦးကိုကိုကြီး က ပြောပါတယ်။

ဒါ့အပြင် ဒီမိုကရေစီ လုပ်ငန်းစဉ် ကာလတွေမှာ ဖြတ်သန်း ခဲ့တဲ့ အစဉ်အဆက် ဒီမိုကရေစီရေး၊ တိုင်းရင်းသား တန်တူရေးတွေမှာ တစိုက်မတ်မတ် ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ် တွေကိုလည်း မူအပေါ်  အခြေခံပြီး မဟာမိတ် ဆက်ဆံရေး ပြုလုပ်မှာ ဖြစ် တယ်လို့ ဦးကိုကိုကြီး က ဆက်ပြောပါတယ်။

အဲသည်လို မဟာမိတ် ဆက်ဆံရေး တည်ဆောက်ရာ မှာလည်း ရွေးကောက်ပွဲ မဟာမိတ် အဆင့်ထက် မူဝါဒပိုင်း ဆိုင်ရာ မဟာမိတ် ပုံစံမျိုး ဖြစ်တဲ့အထိ လုပ်ဆောင်နိုင်ဖို့ မျှော်မှန်းထားတယ် လို့ ဆိုပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ဟောင်းတွေ ဦးဆောင်မယ့် ပါတီဟာ အခုနှစ်ကုန်ပိုင်း (သို့မဟုတ်) ၂၀၁၈ ခုနှစ် နှစ်စပိုင်းမှာ စတင် လှုပ်ရှားမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ဦးတည်မှာ ဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောဆိုထားပါတယ်။

Author  ချမ်းသာ၊ အောင်လေး
Kumudra

0 comments:

Post a Comment