Thursday, April 6, 2017

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇)ပထမနေ့ ကျင်းပပြုလုပ


မကွေး     ဧပြီ      ၆
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇)ပထမနေ့ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးသို့ ကိုယ်စားလှယ်(၆၈)ဦး တက်ရောက်ခွင့်ရှိသည့်အနက် (၆၇)ဦး တက်ရောက်သည့်အတွက်  (၉၈.၅၃)ရာခိုင်နှုန်း တက်ရောက်ခဲ့သည်။

အစည်းအအဝေးတွင် ရှေးဦးစွာ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က “မီးလောင်မှုဖြစ်ပွားစဉ် လူသေဆုံးမှုများနှင့်ပတ်သက်ပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း” အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းရာ ရေစကြိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးမင်းဟန်က ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်ကလက်ခံဆွေး နွေးရန် သဘောတူညီခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလို သည့် လွှတ်တော်ကိုယ်စား လှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

ဆက်လက်၍ ၂၀၁၇ ခုနှစ်၊ မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းဥပဒေကြမ်းတို့ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီးက လွှတ်တော်သို့ တင်သွင်းပြီး ပြည်သူ့ ငွေစာရင်းကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း ဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာကော်မတီနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီတို့မှ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၇)ပထမနေ့ကို ၁၂ နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၇ ရက် (သောကြာနေ့) နံနက် ၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment