Thursday, April 6, 2017

လေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာနိုင်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး


မကွေး     ဧပြီ     ၆
Private Infrastructure Development Group(PIDG)၏ ကုမ္ပဏီတစ်ခုဖြစ်သော InfraCo Asia သည် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ် စီမံကိန်းများ အကောင်အထည်ဖော်ရေးအတွက် ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာနိုင်ရန် မကွေးမြို့ နန်းထိုက်သူဟိုတယ်တွင် ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

InfraCo Asia နှင့် မြန်မာနိုင်ငံအတွင်း ၄င်း၏ စီမံကိန်းများကို အကောင်အထည်ဖော်သည့် အဖွဲ့ဖြစ်သော Infra Capital Myanmar တို့သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် နည်းပညာပိုင်းနှင့် စီပွားရေးပိုင်းဆိုင်ရာ ဖြစ်မြောက်နိုင်ချေရှိ/မရှိ လေ့လာ ဆန်းစစ်ချက်များ ဆောင်ရွက်မည်ဖြစ်ရာ ပထမ ဦးဆုံးဖြစ်မည့် လေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည် ဖော်နိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကိုယ်စား သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ၀န်ကြီးနှင့် InfraCo Asia မှ CEO Mr Allard Nooy တို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“ InfraCo Asia အနေဖြင့် ကျွန်တော်တို့ရဲ့ တတ်စွမ်းမှုတွေနဲ့ မြန်မာပြည်အတွက် ပထမ ဦးဆုံးဖြစ်မည့် လေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည် ဖော်နိုင်ရန်အတွက် ဆန္ဒရှိပါ တယ်၊ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းများ ရည်ရှည်တည်တံ့ အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် စီမံကိန်း ကနဦးအကောင်အထည်ဖော်မှုအပိုင်းမှာ InfraCo Asia မှ ရင်းနှီးမြှုပ်နှံခြင်းနှင့် ကျွမ်းကျင်မှုတွေ ထောက်ပံ့ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု Mr  Nooy က ပြောသည်။
လေ့လာဆန်းစစ်မှုမှ ရရှိလာသည့် ရလဒ်သည် မြန်မာပြည်၏ လေစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ခိုင်မာသည့် အုတ်မြစ်တည်ဆောက်သွားရန် အထောက်အကူပြုမည်ဖြစ် ကြောင်း ICM ဒါရိုက်တာ Mr Yanis Boudjouher က ပြောသည်။

“ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုပမာဏမြှင့်တင်ရန်အတွက် ပုဂ္ဂလိက အခန်းကဏ္ဍမှ ရင်းနှီးမြုတ်နှံမှုကို လိုအပ်ပါ တယ်၊ ဒီကိစ္စသည်လည်း မြန်မာနိုင်ငံအစိုးရရဲ့ ဦးစားပေးအချက်ထဲမှာ ပါသည့်အတွက်ကြောင့် InfraCo Asia ကိုယ်စား ရင်းနှီးမြုတ်နှံမှု မြင့်တက်လာစေရေးအတွက် အစွမ်းကုန်ကြိုးစား ပံ့ပိုးပေး ဖို့ တာဝန်ယူထားပါတယ်” ဟု Mr Yanis Boudjouher ကထပ်မံဖြည့်စွတ်ပြောသည်။
စီမံကိန်းရည်ရွယ်ချက်အရ ပြီးပြည့်စုံသော ဖြစ်မြေက်နိုင်ချေရှိ/မရှိ လေ့လာဆန်းစစ်ခြင်းမှ စီးပွားဖြစ်ထွန်းနိုင်မည့် လေစွမ်းအင်ဆိုင်ရာ အချက်အလက်များ ကောက်ခံရရှိခြင်းဖြင့် ပုဂ္ဂလိက အခန်းကဏ္ဍမှ ပူပေါင်းပါဝင်နိုင်ရေး လမ်းဖွင့်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်ထောင်စုအစိုးရအဖွဲ့မှ လုံလောက်သောအချက်အလက်များ ရရှိကာ မြန်မာနိုင်ငံ အတွင်း လေအားလျှပ်စစ်စွမ်းအင် အနာဂတ်အတွက် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်သည်။

InfraCo Asia သည် ဤစီမံကိန်းမှတဆင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည် ပြည့်ဖြိုးမြဲဆိုင်ရာ စီမံကိန်းများအပေါ် စွမ်းရည်မြှင့်တင်ခြင်းနှင့်အနာဂတ်တွင် တူညီသော စီမံကိန်း များ ဆောင်ရွက်ရာတွင် လိုအပ်မည့် နမူနာစာရွက်စာတမ်းများ ပြင်ဆင်နိုင်ရေးအတွက်လည်း ရည်ရွယ်ထားကြောင်း သိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment