မကွေး ဧပြီ ၃
မကွေးမြို့ မြင်သာရပ် သစ္စာလမ်းနှင့်(၂၉)လမ်းထောင့်ရှိ ရွှေမြတ်မင်းသမီး ကာရာအိုကေ အဆင့်မြင့်အအေးခန်း စားသောက်ဆိုင်တွင် ယမန်နေ့ည ၁၀း၁၀နာရီခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည်။
အဆိုပါမီးလောင်နေရာသို့ မကွေးတိုင်းမီးသတ်မှ မီးသတ်ရေယာဉ် (၉)စီး မင်းဘူးမြို့နယ်မှ မီးသတ်ရေယာဉ် (၃)စီး စုစုပေါင်း (၁၂)စီး၊မကွေးမြို့ပေါ်ရှိ တပ်ရင်း/တပ်ဖွဲ့များမှတပ်မတော်သား အရာရှိစစ်သည်များနှင့်ရဲတပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူ(၃၀၀)ဦးခန့်တို့ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၃၅ မိနစ်တွင် လုံးဝမီးငြိမ်းနိုင်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် (၂၇)ပေ×(၃၇)ပေ၊RC(၂)ထပ်၊သွပ်မိုး၊ပျဉ်ခင်း(အပေါ်ထပ် ၄ ခန်း၊ အောက်ထပ် ၆ ခန်း)ဖြင့်ထည်ဆောက်ထားသည့် နှစ်ထပ်တိုက်နေအိမ်တစ်လုံး လောင်ကျွမ်း ဆုံးရှုံးကာ ခန့်မှန်းတန်ဖိုး ကျပ်(၅၆၂၀၀၀၀ိ/-)ဆုံးရှုံးခဲ့ပြီး ကျား (၁၁) ဦး၊ မ (၄) ဦးသေဆုံးခဲ့ကြောင်း နှင့် မ၀တ်ရည် (၁၉)နှစ် (ဘ) ဦးမြင့်ကြည်၊၃၃×၃၄ လမ်းကြား၊ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး တိုင်းဒေသကြီး နေသူမှာ မီးလောင်ဒဏ်ရာ(တစ်ကိုယ်လုံးညိုမဲဒဏ်ရာများ)ဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၌ (စိုးရိမ်ရ) အခြေအနေများဖြင့် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အိမ်တစ်လုံး မီးလောင်ကျွမ်းမှုမှာတော့ သေဆုံးသူအများဆုံး ဖြစ်တော့မယ်ဗျာ၊ သေလိုက် ကျတာ အဆောက်အဦက သေးသေးမှာ အခန်းတွေကများ၊အပေါ်ထပ်အောက်ထပ် အတက်အဆင်း လှေခါးက ကျဉ်းကျဉ်း၊အားလုံးပိတ်မိသလိုဖြစ်သွားတယ်နဲ့ တူပါတယ်၊ ဘယ်လိုစတင် လောင်ကျွမ်း တယ်ဆိုတာတော့ မသိရသေးပါဘူး အပေါ်ထပ်လှေခါးနားက စတင်လောင်တယ်လို့ထင်ရပါတယ်ဟု အဆိုပါရပ်ကွက် ပြည်သူတစ်ဦးက ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုပါအဆောက်အဦအား ငှါးရမ်းလုပ်ကိုင်သူ ရွှေမြတ်မင်းသမီး ကာရာအိုကေဆိုင်ရှင် ဦးရဲညွန့်(ခ)ရွာသားကြီး(တိမ်းရှောင်)အား မကွေးမြို့မ ရဲစခန်းက (ပ)၁၉၁/ ၂၀၁၇၊ ပုဒ်မ-၂၈၅/ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment