Friday, April 21, 2017

လယ်ယာမြေနှင့် ပတ်သက်ပြီး ယခင် အမှားလုပ်ခဲ့သူ များက လုပ်ငန်း ကြန့်ကြာအောင် လုပ်ဆောင်နေ၍ လယ်ယာမြေ အမှုများ ဖြေရှင်းရာတွင် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌ ပြောကြား

လယ်ယာမြေနှင့် ပတ်သက်ပြီး ယခင် အမှားလုပ်ခဲ့သူ များက လုပ်ငန်း ကြန့်ကြာအောင် လုပ်ဆောင်နေ၍ လယ်ယာမြေ အမှုများ ဖြေရှင်းရာတွင် ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌ ပြောကြား
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
Tue, 04/18/2017 - 20:15

လယ်ယာမြေနှင့် ပတ်သက်၍ ယခင် အမှား လုပ်ခဲ့သူ များက ပြန်လည် ကာကွယ်သည့် အနေဖြင့် လုပ်ငန်း ကြန့်ကြာအောင် လုပ်ဆောင်နေသည့် အတွက် လယ်ယာမြေ အမှုများ ဖြေရှင်းရာတွင် ကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် က ပြောကြားသည်။

လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟို ကော်မတီမှ လယ်ယာမြေ ပြဿနာများ ဖြေရှင်းမှု အားနည်း နေရခြင်းနှင့် ပတ်သက်၍ မေးမြန်းမှု အပေါ်  ဦးကျော်မြင့်က ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“အရင်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်လေ။ မှားမှား ယွင်းယွင်း လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေက သူတို့က အုပ်ချုပ်ရေးပိုင်း တွေရော သူတို့လုပ်ခဲ့တဲ့ လုပ်ငန်းတွေ အပေါ်မှာ မှားမှားယွင်းယွင်း လုပ်ခဲ့တာ ရှိတယ်။ အဲဒီ မှားမှားယွင်းယွင်း လုပ်ခဲ့တဲ့ ဟာတွေကို ပြန်လည် ကာကွယ်တဲ့ အနေနဲ့ လုပ်မပေးကြဘူး။ ဥပမာ ပြောရရင် ထွေ/အုပ်တို့၊ ရေဆင်းတို့ပေါ့။ အဲဒီပုဂ္ဂိုလ်တွေ ကနေ ပြီးတော့ လုပ်ငန်းကို ကြန့်ကြာတဲ့ သဘောမျိုးလို၊ နောက် ဆုံးဖြတ်ချက် မှားယွင်းတာတွေ ထပ်ပြီးတော့ အမှားကို အမှားနဲ့ ပြန်ဖုံးနေတာ အဲဒါမျိုးတွေ ရှိတယ်။ အဲဒီတော့ လုပ်တဲ့ နေရာမှာ နည်းနည်း အခက်အခဲ၊ ကြန့်ကြာနေတာ မျိုးတွေ ရှိတယ်” ဟု တောင်သူ လယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့်က ပြောကြားသည်။

ထို့ပြင် လယ်ယာမြေပြဿနာများ ဖြေရှင်းရာတွင် ယခင်က ကဲ့သို့ ၀တ်ကျေတမ်းကျေ ဆောင်ရွက်နေသူများ ရှိနေခြင်းကြောင့် လုပ်ငန်းများ ကြန့်ကြာနေခြင်းများလည်း ရှိကြောင်း၊ ၀န်ထမ်းအချို့ အနေဖြင့်လည်း ယခင်က အမှားလုပ်ဆောင်ခဲ့သူများကို ပြန်လည် ကာကွယ်နေသည့် သဘောမျိုးလည်း တွေ့ရကြောင်း၊ ထိုကြောင့် လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက် ပေးရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များက ပြန်လည် ညွှန်ကြား ထားကြောင်း၊ ထို့ကြောင့် ကော်မတီ အနေဖြင့် လယ်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင် ပိုမို ကောင်းမွန် လာလိမ့်မည် ဟု မျှော်လင့်ရကြောင်း ဦးကျော်မြင့်က ပြောကြားသည်။

“အမြန်ဆုံးတော့ အခြေအနေကောင်းတွေကို မျှော်လင့်နိုင်ပြီ လို့ ဆိုရမှာပေါ့။ ရှေ့ဆက်လက်ပြီးတော့ ကောင်းလာပါ လိမ့်မယ်လို့ မျှော်လင့်ရတယ်။ ကိုယ်စားလှယ်တွေ ကိုယ်တိုင်က စိတ်မ၀င်စားတဲ့ သူတွေလည်း စိတ်မ၀င်စားလို့ မရဘူး။ ပြည်သူ့ ကိုယ်စားလှယ်တွေ အဖြစ်တော့ ပြည်သူ့ဘက်က ရပ်တည်ရမယ်။ ကျွန်တော်တို့ ဗဟိုမြေ၊ စစ်အဖွဲ့ကနေ ပြီးတော့ ချထားတဲ့မူတွေအတိုင်း ဆောင်ရွက်ရမယ် ဆိုတာတွေကို အခုညွှန်ကြားပါပြီ။ ပိုကောင်းလာပါ လိမ့်မယ်။ အခုဟာက ဆောင်ရွက်လို့ မရတော့တဲ့ အခြေအနေမျိုးကို ကိုယ်စားလှယ်တွေ ဆောင်ရွက် ရတော့မှာပါ။ ကျွန်တော်တို့ လွှတ်တော် ဥက္ကဋ္ဌကြီး ကလည်း ဒါတွေကို ဆောင်ရွက်ဖို့ (လွှတ်တော်) မပိတ်ခင် ကတည်းက ဆော်သြလိုက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အခုနားရက်တွေမှာ မြေယာအခင်း ကိစ္စတွေကို ပါဝင် ဆောင်ရွက် ပေးရမယ်လို့ တိုက်တွန်း ထားပါတယ်။ အဲဒီ တိုက်တွန်းလိုက်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ၀န်ကြီးချုပ်တွေ ကနေ ပြီးတော့ ညွှန်ကြားချက်တွေ ထပ်ထုတ်ပေးတာပါ” ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်က ပြောကြားသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုတွင် ယခင်အစိုးရ လက်ထက် လက်ကျန်အမှုတွဲ ၆၇၀၇ မှုအနက် ၁၈၀၆ မှု ဖြေရှင်း ပေးထားပြီး အသစ်ထပ်မံ ရောက်ရှိ လာသည့် ၄၁၄၈ မှုတွင် ၂၅၁ မှု ဖြေရှင်းထားကာ စုစုပေါင်းဖြေရှင်းပေးရမည့် အမှုတွဲပေါင်း ၈၈၃၄ မှု ကျန်ရှိနေကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟို ကော်မတီ၏ အစိုးရသစ် တစ်နှစ် သက်တမ်းအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်သည့် သတင်း ထုတ်ပြန်ချက် အရ သိရသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ အနေဖြင့် ယခင်အစိုးရ လက်ထက် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟို ကော်မတီတွင် စိစစ်ရန် ကျန်ရှိနေသော မြေကိစ္စ အမှုတွဲများအား ဆက်လက် ဖြေရှင်း ဆောင်ရွက်ပေးနေပြီး ထိုသို့ ဆောင်ရွက်ရာတွင် ၆၇၀၇ မှုအနက် ၁၈၀၆ မှု ဖြေရှင်း ပေးထားကြောင်း သိရသည်။

အဆိုပါ ၆၇၀၇ မှုတွင် အစီရင်ခံစာ အပိုင်းပါ အမှုတွဲပေါင်း ၄၁၂၂ မှုနှင့် တိုက်ရိုက်တိုင်ကြားသည့် အမှုပေါင်း ၂၅၀၅ မှုအထိ ရှိနေခဲ့ပြီး အစိုးရသစ် တစ်နှစ်တာ ကာလအတွင်း အစီရင်ခံစာ အပိုင်းပါ အမှုတွဲပေါင်း ၄၁၂၂ မှုမှ အမှုပေါင်း ၁၂၀၀ စိစစ်ဖြေရှင်းခဲ့ကာ တိုက်ရိုက်တိုင်ကြားသည့် အမှုပေါင်း ၂၅၀၅ မှုမှ ၆၀၆ မှု အထိ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ဗဟို ကော်မတီ စတင်ဖွဲ့စည်းသည့် ၂၀၁၆ ခုနှစ် မေလမှ ၂၀၁၇ ခုနှစ် မတ်လ အထိ ကော်မတီ သို့ တိုင်ကြားစာ အမှုတွဲပေါင်း ၄၁၄၈ မှုအထိ တိုင်ကြားမှု ပြုခဲ့ရာတွင် ၂၅၁ မှုသာ ဖြေရှင်း ထားနိုင်ခဲ့ခြင်း ဖြစ်ပြီး ၃၉၃၃ မှုအထိ ဖြေရှင်းမှု ပြုရန် ကျန်ရှိနေကြောင်း သိရသည်။

ထို့ပြင် ဗဟို ကော်မတီ အနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် အတွင်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ အသုံးမပြု ပိုလျှံခြင်း၊ မူလပိုင်ရှင်များသို့ ပြန်လည် ပေးအပ်ရန် လုပ်ဆောင်ခြင်း၊ အခြားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်း စသည့်ပြန်လည် စွန့်လွှတ်မှုအပေါ်  သက်ဆိုင်သူများ ထံသို့ လွှဲပြောင်း ပေးအပ်မှုပြုရာတွင် စွန့်လွှတ်မြေဧကပေါင်း ၁၆၉၄၅ ကျော် ရှိနေပြီး စိုက်ပျိုးမြေ အဖြစ် ၅၄၀၂ ဧကကျော်နှင့် စိုက်ပျိုးမြေ မဟုတ်သော ပြန်လည် လွှဲပြောင်းမြေဧက ၅၇၀၃ ကျော်ရှိနေကာ လွှဲပြောင်းပေးရန် ကျန်ရှိသည့် စိစစ်ဆဲ ဧကပေါင်း ၅၈၃၈ ကျော် အထိ ရှိနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ယခင်အစိုးရ လက်ထက် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟို ကော်မတီသို့ ပြန်လည် အပ်နှံလာသော စွန့်လွှတ်မြေများ အပေါ် သက်ဆိုင်သူများထံသို့ လွှဲပြောင်း ပေးအပ် ပြီးစီးမှုနှင့် လွှဲပြောင်း ပေးအပ်ရန် အတွက် မတ် ၃၁ ရက် အထိ ကျန်မြေစာရင်းမှာ ဧက ၄၁၉၇၇၀ ကျော် ဖြစ်ပြီး အဆိုပါ မြေများအား သက်ဆိုင်သူများထံသို့ လွှဲပြောင်းပေးရန် စိစ စ်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေ အဖြစ် ပြန်လည်လွှဲပြောင်းပေးမှု ၂၂၆၀၃၂ ဧကကျော် ရှိနေပြီး စိုက်ပျိုးမြေ မဟုတ်သော အခြား မြေများကို သက်ဆိုင်သူများထံ ပြန်လည်လွှဲပြောင်းပေးမှု ၁၈၆၂၁၆ ဧကကျော် အထိ ရှိနေကာ ပြန်လည် လွှဲပြောင်းပေးရန် ကျန်ရှိနေသည့် ဧက ၇၅၂၃ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် မြေသိမ်းဆည်းခံရ၍ အမှန် ကယ် နစ်နာသူ ပြည်သူများ အနေဖြင့် မိမိတို့ သိမ်းဆည်းခံခဲ့ရသည့် မြေများသည် ပြန်လည်စွန့်လွှတ်သော မြေများတွင် ပါဝင်ခြင်း ရှိ၊ မရှိ သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ ရုံးများတွင် စုံစမ်းပြီး ပြန်လည် စွန့်လွှတ်မြေ များတွင် ပါဝင်ပါက သက်ဆိုင်ရာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီ ရုံးများထံမှ မြေပိုင်ဆိုင်ခွင့် အထောက်အထား များနှင့် တကွ ခိုင်ခိုင်မာမာ လွှဲပြောင်း ရယူကြရန် လိုအပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မြေကိစ္စရပ်များ ဖြေရှင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြည်သူလူထု အနေဖြင့် ဘ၀င်မကျမှုဖြစ်ခြင်း၊ ပွင့်လင်းမြင်သာမှု မရှိကြောင်း ထင်မြင်ယူဆမှု ရှိခြင်းများ အပေါ်  သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ နေပြည်တော်၊ တိုင်းဒေသကြီး / ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီရုံးနှင့် ဗဟိုကော်မတီသို့ အကြံပြုချက်များ ပေးပို့တင်ပြလာပါက အလေးထား ဖြေရှင်း ဆောင်ရွက်ပေးနေကြောင်းနှင့် ဆက်လက် စိစစ် ရရှိလာသော စွန့်လွှတ်မြေများ ကိုလည်း သက်ဆိုင်သူများ ထံသို့ လုပ်ထုံး လုပ်နည်းများနှင့် အညီ ပြန်လည် လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Writer: ငြိမ်းဇော်လင်း

http://news-eleven.com/local/35142

[ပုံ - ပြည်သူ့လွှတ်တော် တောင်သူ လယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်မြင့် ]

0 comments:

Post a Comment