Sunday, April 2, 2017

ဥကပ်ပါးနဂျီဖြင့် စပါးဖျက်ပိုး နှိမ်နင်းခြင်း တောင်သူပညာပေးပြသ


ပွင့်ဖြူ        ဧပြီ       ၁
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ခင်းများတွင်ကျရောက်သော အဓိက လိပ်ပြာမျိုးရင်းဝင် ဖျက်ပိုးများကို ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန် ထရိုင်ဂိုးဂရားမား ဥကပ်ပါးနဂျီအသုံးပြု၍ စပါးဖျက်ပိုးနှိမ်းနင်းခြင်း တောင်သူပညာပေး ပြသခြင်းကို ဧပြီလ (၁)ရက်နေ့ နံနက် (၈)နာရီက ဇီးတောကျေးရွာ (၅)ဧက စံပြစိုက်ကွက်တွင် ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊သီးနှံကာကွယ်ရေးဌာနခွဲ နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ ဦးစီးအရာရှိ ဦးလှိုင်မြင့်နှင့် ၀န်ထမ်းများမှ ဒေသခံ တောင်သူများအား ပြသဆောင်ရွက်ခဲ့သည်။

ဥကပ်ပါးနဂျီဖြင့် စပါးဖျက်ပိုးများကို နှိမ်းနင်းရာတွင် ပိုးသတ်ဆေးဓါတကြွင်းအာနိသင်ပါဝင်မှု အနည်းဆုံးနှင့် အရည်သွေးပြည့်ဝ၍ ဘေးကင်းလုံခြုံသော ဆန်စပါးများရေရှည်ထုတ်လုပ်နိုင်ခြင်း၊ စိုက်ပျိုးထုတ်လုပ်သူ၊စားသုံးသူ နှင့် ပတ်ဝန်ကျင်( ရေ၊မြေ၊လေ၊သက်ရှိ) တို့ကို အဆိပ်သင့်ညစ်ညမ်းစေမှုလျော့ချ၍ ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း အကျိုးကျေးဇူးများရရှိနိုင်သည်။ ထရိုင်ဂိုဂရားမားနဂျီဥကတ်ကို စပါးစိုက်ခင်းအတွင်းရှိ စပါးပင်၏ အရွက်တွင် ချိတ်ထားပြီး၊ (၁၀)ရက်ခန့်တွင် နဂျီများအသစ်ပေါက်လာကာ စပါးဖျက်ပိုးဥများကို ရှာဖွေ၍ ကပ်ပါးပြုသည်။ ဥကတ်မှ ပေါက်လာသော နဂျီးများသည် စပါးသီးနှံ၏ အဓိကဖျက်ပိုးများဖြစ်သော ဆစ်ပိုး၊ရွက်လိပ်ပိုး၊ရွက်လိမ်အိမ်ပိုးနှင့် ငမြှောင် တောင်ပိုးများ၏ ဥများကို ကပ်ပါးပြုခြင်းဖြင့် ကာကွယ်ပေးနိုင်သည်။

ဇီးတောကျေးရွာနေ ဒေသခံ နွေစပါးစိုက်တောင်သူတစ်ဦးမှ  အခုစိုက်ပျိုးရေးဌာနမှ လာရောက်ကွင်းဆင်းပြသ တဲ့ နဂျီဥကတ်တွေကို စပါးစိုက်ခင်းအတွင်း တစ်ဧက ဥကတ်(၄၀)ထိ ချိတ်ထားလွတ်ပေးရုံဖြင့် စပါးဖျက်ပိုးတွေကို ကာကွယ်ပေးပြီးဖြစ်တယ်၊ပိုးသတ်ဆေးသုံးစရာမလိုတော့ဘူး၊ ဆန်စပါး အရည်အသွေး ပိုမိုကောင်းမွန်လာလို့ စာသုံးသူ တွေနဲ့ ထုတ်လုပ်တဲ့တောင်သူတွေအတွက်များစွာ အကျိုး ရှိပါတယ် ဟုပြောသည်။

မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများအား ဓါတု ပိုးသတ်ဆေးကို အသုံး မပြုဘဲ၊  ဇီဝနည်းဖြင့် စပါးဖျက်ပိုးများအား ကာကွယ်သွားနိုင်ရန် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သူရထွန်း(ပွင့်ဖြူ)

0 comments:

Post a Comment