Sunday, September 4, 2016

မကွေးတိုင်းဒေသကြီးအတွင်း ခြေအင်္ဂါချို့တဲ့သူများအား ခြေတုနှစ်ရာကျော် တပ်ဆင်လှူဒါန်း




မကွေး     စက်တင်ဘာ    
လူမှုဝန်ထမ်းဦးစီးဌာန၊ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)နှင့် LDSC(Latter Day Saint Charities)တို့ ပူပေါင်းပြုလုပ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ခြေတုများနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့တော် ခန်းမ၌ ပြုလုပ်ခဲ့ရာ ခြေတုနှစ်ရာကျော်အားတပ်ဆင်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရဖွဲ့ဝန်ကြီးချုပ်ကိုယ်စား အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝင်ကြီးဌာန ၀န်ကြီး ဦးမြင့်ဇော် အဖွင့်အမှာစကားနှင့်  LDSC (Latter Day Saint Charities) Mr.Michale Error က ၀မ်းမြောက်စကား ပြောကြားခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်ခင်နွဲ့ကရှင်းလင်းတင်ပြ ခဲ့သည်။ 

 ထို့နောက် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ဥက္ကဌ ဦးမြတ်သူဝင်းက ခြေတုများ လှူဒါန်း ခြင်းနှင့်ပတ်သက်၍ ရွှေမင်းသားဖောင်ဒေးရှင်းနှင့်အတူ ခြေအင်္ဂါချို့တဲ့သူများအား ခြေတုပြုလုပ် တပ်ဆင်ရေး ပူးပေါင်းပါဝင်ခဲ့သည့် LDSC တာဝန်ခံ Mrs Linda Error က ရွှေမင်းသား ဖောင်ဒေး ရှင်းနဲ့အတူတွဲပြီး အလုပ်လုပ်လာတာ ရှစ်နှစ်ရှိပြီး အစစအရာရာ အားလုံး အောင်မြင်ချောမွေ့ အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ မကွေးတိုင်းက ခြေအင်္ဂါချို့တဲ့သူတွေကို ကူညီနိုင်ခဲ့လို့ အများ ကြီးဝမ်းသာပီတိ ဖြစ်မိကြောင်း၊ ခြေအင်္ဂါချို့တဲ့သူတွေကို ကူညီထောက်ပံ့တဲ့နေရာမှာ တခြားကူညီ ထောက်ပံ့မှုနဲ့ ခြေတုထောက်ပံ့တာနဲ့က လုံးလုံးကွာ ခြားပါကြောင်း၊ အခုဆိုရင် မြန်မာ နိုင်ငံတော် အစိုးရရော ကမ္ဘာကပါ မသန်စွမ်းသူတွေကို အသိအမှတ်ပြုနေပြီဖြစ်ကြောင်း စသည်ဖြင့်ပြော သည်။ 

          ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးမြင့်ဇော်၊ LDSC (Latter Day Saint Charities) Mr.Michale Error တို့က ခြေတုရရှိသူများအား ခြေတုများတပ်ဆင်ပေးပြီး၊ တိုင်းဒေသ ကြီးဦးစီးဌာနမှူး ဒေါ်ခင်နွဲ့က အလယ်တန်း၊အထက်တန်းအဆင့် ပညာသင်ဆုရရှိသူများကို ပညာသင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ခြေတုလက်ခံရရှိသူ ကိုယ်စားလှယ်တစ်ဦးနှင့် ပညာသင်ဆု ရရှိသူ ကိုယ်စားလှယ်တစ်ဦးတို့က ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။

ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မကွေးမြို့တွင် နှစ်လကြာ အခြေစိုက်၍ ခြေတုများ ပြုလုပ်တပ်ဆင်ပေးခဲ့ရာ မကွေးတိုင်းဒေသကြီး အပါအဝင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့ရှိ  မြို့နယ်ပေါင်း ၃၁ မြို့နယ်မှ ခြေအင်္ဂါချို့တဲ့သူ ဒူးအောက် ၁၈၆ ချောင်းနှင့် ဒူးအထက် ၁၀ ချောင်းတို့ လှူဒါန်းနိုင်ခဲ့ကြောင်း ရွှေမင်းသားဖောင်ဒေးရှင်း တာဝန်ခံတစ်ဦး ထံမှ သိရသည်။

ခြေအင်္ဂါချို့တဲ့သူများအား ခြေတုများပြုလုပ်လှူဒါန်းနိုင်ရေးအတွက် ခြေတုပြုလုပ်သည့် ပညာရှင် များက စက်ပစ္စည်း ကိရိယာများကို ပြီးခဲ့သည့် ဇူလိုင်လဆန်းမှစ၍ မကွေးမြို့ ပညာသိဒ္ဓိ ဘုန်းတော်ကြီးကျောင်းတွင် အခြေစိုက်ကာ ခြေအင်္ဂါ ချို့တဲ့သူများနှင့် တွေ့ဆုံ၍ ဆေးစစ်ခြင်း၊ တိုင်းထွာခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ ခြေတုများ အားလုံး ပြီးစီးပြီဖြစ်၍ အခမ်းအနား ပြုလုပ်ကာ ခြေအင်္ဂါချို့တဲ့ သူများအား အခမဲ့တပ်ဆင် လှူဒါန်းခြင်းဖြစ်ပြီး ဒူးအောက်ခြေတု တစ်ချောင်းလျှင် ကျပ်နှစ်သိန်းကျော်ကုန်ကျပြီး ဒူးအထက်ခြေတုတစ်ချောင်းလျှင် ကျပ် ၁၅ သိန်းကျော် ကုန်ကျစရိတ်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးရှိ ခြေအင်္ဂါချို့တဲ့သူများအား အခမဲ့ခြေတုများ ပြုလုပ်လှူဒါန်းရန် ရည်ရွယ်ခဲ့သော်လည်း မြန်မာနိုင်ငံရှိ အခြားတိုင်းနှင့် ပြည်နယ်များမှ သတင်းကြား၍ လာရောက် ပြသခဲ့သူများကိုလည်း လှူဒါန်းပေးနိုင်ခဲ့ကြောင်းကို  ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) တာဝန်ခံ ဦးတင့်ဝေလတ် ပြောပြချက်အရ သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment