Wednesday, September 28, 2016
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ
မကွေး        စက်တင်ဘာ      ၂၆
          ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ စတင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့  မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၆၈) ဦးရှိသည့်အနက် (၆၃)ဦးတက်ရောက်၍ (၉၂.၆၅) ရာခိုင်နှုန်း တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာ သည်။
          အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၆)လပတ်အတွင်း လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာကို  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်(၃)ဦးတို့မှ ဆွေးနွေးခဲ့ပြီး ဝန်ကြီးမှ ပြန်လည်ရှင်းလင်း ဆွေးနွေးကာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိ မည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
          ဆက်လက်၍ မကွေးတိုင်းဒေသကြီးဥပဒေချုပ်၏ (၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို မကွေးတိုင်းဒေသကြီး ဥပဒေချုပ်မှ လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စား လှယ်(၂)ဦးတို့မှ ဆွေးနွေးကာ တိုင်းဒေသကြီးဥပဒေချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ (၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက် မှုအစီရင်ခံစာကို မကွေးတိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ လွှတ်တော်သို့တင်သွင်းခဲ့ရာ လွှတ်တော် ကိုယ်စားလှယ်(၃)ဦးတို့မှ ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ်မှ ပြန်လည်ရှင်းလင်းဆွေးနွေး ကာ ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
          မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်နွယ်ဦးက ဆောက်လုပ်မည့် အငှားအိမ်ရာများတွင် အခန်းအကျယ်အဝန်း ပြင်ဆင်ရန် နှင့် (၈)ခန်းတွဲ (၆)ထပ်အစား (၈)ခန်းတွဲ (၅)ထပ် ပြင်ဆင်ဆောက်လုပ်ရန်အတွက် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆို ကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ   ဦးကျော်ဌေးက    ထောက်ခံဆွေးနွေးခဲ့ပြီး   ယင်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည့်အတွက် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းလွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မြို့သစ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက တင်သွင်းပြီး ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၂း၁၅ နာရီအချိန်တွင် ရပ်နားကြောင်းနှင့် ဒုတိယနေ့အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်(အင်္ဂါနေ့) နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment