Friday, August 19, 2016

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၂၅)မြို့နယ် ပြေးခုန်ပစ်ပြိုင်ပွဲ စတင်ကျင်းပ




မကွေး     သြဂုတ်     ၁၈
        တိုင်းဒေသကြီးအတွင်းမှ လူငယ် ပြေးခုန်ပစ် ကစားသမားများ ပေါ်ထွက်စေပြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်အဖွဲ့ အောင်မြင်မှု ရရှိကာ နိုင်ငံလက်ရွေးစင် ပြေးခုန်ပစ် အသင်းအတွက် အရံအင်အားများရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဖလား(၂၅)မြို့နယ် ပြေးခုန်ပစ်ပြိုင်ပွဲကို သြဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ မကွေးခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

          ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးချုပ်၏ အားကစားပြက္ခဒိန်အရ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို နေပြည်တော်တွင် (၁၉-၉-၂၀၁၆)ရက်နေ့မှ(၂၁-၉-၂၀၁၆)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ ၄င်းပြိုင်ပွဲသို့ မကွေးတိုင်းဒေသကြီး ပြေးခုန်ပစ်အဖွဲ့ အဆင့်မှီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲကိုကျင်းပခဲ့ခြင်းဖြစ်ပြီးပြိုင်ပွဲများတွင် အပြေးပြိုင်ပွဲအဖြစ် ကျား/မ မီတာ ၁၀၀၊၂၀၀၊၄၀၀၊၈၀၀၊၁၅၀၀နှင့်မီတာ ၃၀၀၀ ပြိုင်ပွဲများ ပါဝင်ပြီး၊လက်ဆင့်ကမ်းအပြေးပြိုင်ပွဲအဖြစ် ကျား/မ မီတာ ၄၀၀ ပြိုင်ပွဲပါဝင်ကာ၊တန်းမြင့်ခုန်၊အလျားခုန်၊သုံးဆင့်ခုန်၊သံလုံးပစ်၊သံပြားပစ်၊လှံတန်ပစ်နှင့် ကျား- မီတာ ၁၀၀၀၀၊မ- မီတာ ၅၀၀၀ လမ်းလျှောက်ပြိုင်ပွဲများ ထည့်သွင်းကာ ယနေ့ နံနက် ၇ နာရီမှစတင်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
          အဆိုပါပြိုင်ပွဲသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ အုပ်ချုပ်သူ နည်းပြများနှင့်ပြေးခုန်ပစ် အားကစား သမားများအတွက် မကွေးခရိုင်အားကစားကွင်း၊ တိုင်းအားကစားခန်းမနှင့် တိုင်းအားကစားကွင်းတို့တွင် နေရာထိုင်ခင်းများ  ချထားပေးကာ သောက်သုံးရေ၊လျှပ်စစ်မီး၊သန့်စင်ခန်းများ အလုံအလောက်နှင့်စနစ်တကျ သုံးစွဲနိုင်ရေးတို့ကို ကြိုတင်ပြင်ဆင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)        

0 comments:

Post a Comment