Monday, August 29, 2016

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများအားသန့်ရှင်းရေးဆောင်ရွက်




မကွေး          သြဂုတ်      ၂၆


၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့နယ် အနောက်ဘက် ၂၅ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာမကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များမှ တန်ခိုးကြီးဘုရားစေတီကြီးများထိခိုက်ပျက်စီးမှုနည်းသော်လည်းစေတီငယ်များ၊ အရံစေတီများပျက်စီးမှုရှိကာသက်တမ်းကြာမြင့်သည့် အဆောက်အအုံဟောင်းအချို့ ကျိုးပဲ့အက်ကွဲခြင်းများဖြစ် ပေါ်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဖြစ်ပေါ်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိရဲတပ်ဖွဲ့များအနေဖြင့် ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုများအားမိမိတို့ မြို့နယ်များအလိုက်သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာပခုက္ကူမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး စည်သူမောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် အင်အား (၂၈) ဦးတို့မှ အမှတ်(၆)ရပ်ကွက် ကုသိန္နာရုံတောင်ရှိဆုတောင်းပြည့်စေတီအာရုံခံတန်ဆောင်း မြင့်မိုရ်ပေါ်မှ ကွာကျနေသောအုတ်ချပ်များ၊ လောင်တိုက်တော်အဆောင်တွင်း ပြုတ်ကျနေသောသစ်သားတန်းများအားဖယ်ရှားရှင်းလင်းခြင်းများ သြဂုတ် ၂၅ ရက် နံနက်ပိုင်းတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အလားတူယနေ့ နံနက် ၈ နာရီတွင် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းနယ်မြေရဲစခန်းမှ ရဲအုပ် အောင်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များသည် ကျောင်းတော်ရာဘုရားဝန်းအတွင်းရှိ ပြုတ်ကျနေသည့် ပန်းဆွဲနှင့် အုတ်ကျိုးအုတ်ပဲ့များအားလည်းကောင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းနယ်မြေရဲစခန်းမှ ရဲအုပ် မြင့်ဆန်းဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ခလရ(၂၅၃) တပ်ရင်းမှူး ဦးစီးသည့် တပ်မတော်သားများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူမြောက်ချောင်းဖြူကျေးရွာရှိဖောင်တော်ဦးဘုရား၊ ကျောင်းကုန်းကျေးရွာရှိ မဟာမုနိဘုရားဝန်းတို့တွင် စိန်ဖူးတော်မြေခမှုနှင့် စေတီတော်မှ ပြိုကျပျက်စီးခဲ့သည့် အုတ်ကျိုး၊ အုတ်ပဲ့များအားဖယ်ရှားရှင်းလင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရရှိသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment