Monday, August 15, 2016

ပြည်ထောင်စုအစိုးရမှ မကွေးတိုင်းဒေသကြီးအစိုးရသို့ ထောက်ပံ့ပေးသည့် ယာဉ်ယန္တရားများရောက်ရှိ


မကွေး      သြဂုတ်      ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထောင်စု ၀န်ကြီး များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၇.၈.၂၀၁၆ ရက်နေ့က မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံ  ဖြစ်ပွားခဲ့မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည့် ခရီးစဉ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာ၌ မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြောင့်ပျက်စီး ခဲ့မှုများ ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရန်အတွက်  ယာဉ်ယန္တရားများ ထောက်ပံ့ပေးရန် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ပါသည်။
ယင်းသို့ ပေါင်းစပ်ညှိနှိုင်းပေးမှုအရ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ Dump Truck (၃)စီး၊ Dozer (၁)စီး၊ Back hoe (၂)စီး၊ စုစုပေါင်း ယာဉ်ယန္တရား(၆)စီးအား ပို့ဆောင်ပေးခဲ့ရာ ယနေ့တွင် အဆိုပါယာဉ်ယန္တရားများ အားလုံးသည် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနသို့ ရောက်ရှိနေပြီ ဖြစ်ပါသဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ရေဘေးကြောင့် ပျက်စီးခဲ့သော လမ်းများပြုပြင်ခြင်း၊ မြေသားရေလှောင်ကန်နှင့် တာဘောင်များ ဆည်ဖို့ပြုပြင်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အမြန်ဆုံး ပြင်ဆင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ)ဦးဇော်လင်းနိုင်က  "အခုကျွန်တော်တို့ဆီကို ယာဉ်ယန္တရား(၆)စီးလုံး အစုံရောက်နေပါပြီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ  Dozer (၁)စီး၊ Back hoe (၁)စီးနဲ့ Dump Truck (၃)စီးကို ပွင့်ဖြူမြို့နယ် ကုန်းဇောင်း - သံကိုင်းတာဘောင်ဆည်ဖို့ခြင်းလုပ်ငန်းများ အမြန်ဆောင်ရွက်နိုင်ဖို့ လုပ်ငန်းခွင် ကို ဒီနေ့မှာပဲ ပို့ဆောင်မှာဖြစ်ပါတယ် "ဟု ပြောကြားသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment