Wednesday, August 17, 2016

ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ




မကွေး     သြဂုတ်     ၁၅
          မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ တိုင်းဒေသကြီးအဆင့်  ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊တိုင်းဒေသကြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ကျန်းမာရေးဝန်ထမ်းများ၊လူမှုရေးအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ဆေးတိုက်ကျွေးရန်လာရောက်ကြသည့် ကလေးနှင့်မိခင်များ တက်ရောက်ခဲ့ ကြသည်။
          အခမ်းအနားတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာ အောင်မိုးညို အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသတစ်ခု၏ လူထုအာဟာရဖွံ့ဖြိုးတိုးတက်မှု(သို့)ဆုတ်ယုတ်မှုတို့သည် လူမှုစီးပွားရေးအခြေအနေ ၊ ကျန်းမာရေးနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှု အခြေအနေ ၊ ယဉ်ကျေးမှု ဓလေံထုံးစံ အစွဲအလမ်းနျင့် အစားအစာ စားသောက်မှုအလေ့အထများ စသည့်အချက်များပေါ် တွင် မူတည်နေသည့်အတွက် အာဟာရပြည့်ဝမျှတစွာ စားသောက်တတ်သည့်အလေ့အကျင့် ဖြစ်ထွန်းလာစေရန် နှင့် အာဟာရပညာကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျန်းမာသန်းစွမ်းပြီး ဥာဏ်ရည်ထက်မြက်သည့် နိုင်ငံသားကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်မှန်းချက် ထား ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
          ဆက်လက်၍ မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းအောင်ကြည် မှ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကို ဖတ်ကြားတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား ဗီတာမင်အေဆေးလုံးများတိုက်ကျွေးခြင်း ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများအား သံဓါတ်ဆေးပြား ၊ ဗီတာမင်ဘီဝမ်း နှင့် သန်ချဆေးပြားများ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကာ အခမ်းအနားအတွင်း ခင်းကျင်း ပြသထားသည့်ပညာပေးနံရံကပ်ပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြသည်။
          မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အာဟာရချို့တဲ့မှု အမြင့်မားဆုံး တိုင်းနှင့်ပြည်နယ်များတွင်ပါဝင်နေပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းများအရ မြန်မာ တစ်နိုင်ငံလုံးတွင် မိခင်နှင့်ကလေးသေဆုံးမှုနှုန်း အမြင့်ဆုံး တိုင်းဒေသကြီးဖြစ်ကာ သေဆုံးရသည့် အကြောင်းအရင်းများမှာ အာဟာရချို့တဲ့မှုကြောင့် ၃၅ ရာခိုင်နှုန်း ၊ အာဟာရချို့တဲ့မှုနှင့် ဆက်စပ်ဖြစ်ပွားသည့်ရောဂါများကြောင့် ၅၃ ရာခိုင်နှုန်း တို့ဖြစ်ကြောင်း ၊ ယခုနှစ်သည် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေဖြင့် (၂၅) ကြိမ်မြောက်ဖြစ်ပြီး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအနေနဲ့ (၁၄)ကြိမ်မြောက် ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန မှ သိရသည်။
                                                                                                   သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment