Friday, July 22, 2016

ဝါယာကြိုးဖြင့် မိမိကိုယ်ကိုကြိုးဆွဲချ သေကြောင်းကြံစည်သော အမျိုးသားအား သက်ဆိုင်ရာမှအရေးယူ

          မကွေးမြို့နယ်၊ ချမ်းမြေ့သာယာကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေကြောင်းကြံစည်မှု ဇူလှိုင်(၂၁)ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဇူလှိုင်(၂၁)ရက်နေ့  ည(၁၀)နာရီအချိန်က မကွေးမြို့နယ်၊ အောင်ချမ်းသာကျေးရွာ၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေကြောင်းကြံစည်ကြောင်း သတင်းအရ မကွေးမြို့မရဲစခန်းမှ ဒုရဲအုပ်အောင်မိုး သွားရောက် စစ်ဆေးခဲ့ရာ သေကြောင်းကြံစည်သူမှာ ထွန်းထွန်းလင်း၊အသက်(၂၉)နှစ်၊ချမ်းမြေ့သာယာကျေးရွာ၊ မကွေးမြို့နယ်နေသူ ဖြစ်ပြီး ဖြစ်စဉ်အားစုံစမ်းမေးမြန်းခဲ့ရာ ထွန်းထွန်းလင်းမှာဇနီးဖြစ်သူ မ၀တ်ရည်ဖြိုး၊အသက်(၂၆)နှစ်နှင့် နေအိမ်တွင် စကားများရန်ဖြစ်ရာမှ အရက်သောက်စားမူးယစ်ကာ နေအိမ်တွင် အသင့်ရှိသောဝါယာကြိုးအား ယူဆောင်၍  အိမ်ဘေးရှိ တမာပင်၏ အမြင့်(၁၀)ပေခန့်ရှိသစ်ကိုင်းတွင် ၀ါယာကြိုးအားချည်နှောင်ကာ လည်ပင်းတွင်စွပ်ပြီး  ကြိုးဆွဲချသေကြောင်း ကြံစည်ရန်ပြုလုပ်နေစဉ် ဇနီးဖြစ်သူ မဝတ်ရည်ဖြိုးမှသိရှိပြီး စတီးဓါးဖြင့် ၀ါယာကြိုးအားခုတ်ဖြတ်ခဲ့၍ ထွန်းထွန်းလင်းမှာ  အသက်သေဆုံးခြင်းမရှိဘဲ လည်ပင်းတွင်ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းစစ်ဆေးသိရှိခဲ့သဖြင့် ရဲဆေးစာဖြင့် မကွေးတိုင်းပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏စစ်ဆေးချက်အရသိရသည်။ ဖြစ်စဉ်နှင့်ပက်သက်၍ မိမိကိုယ်ကိုသေကြောင်းကြံစည်သူ ထွန်းထွန်းလင်းအား အရေးယူပေးပါရန် ဇူလိုင်(၂၂)ရက်နေ့တွင် ဒုရဲအုပ်အောင်မိုးမှ တရားလိုပြုလုပ်တိုင်ကြားခဲ့သောကြောင့် မကွေးမြို့နယ်၊မြို့မရဲစခန်းမှ(ပ)၁၂၆၃/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။
မြေလတ်ဂျာနယ်

0 comments:

Post a Comment