Sunday, July 10, 2016

မကွေးတိုင်းဒေသကြီးတွင် အလုပ်သမားရေးရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ




မကွေး      ဇူလိုင်     

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်သည် ဦးစီးဌာန၊အဖွဲ့များမှ တိုင်းဒေသ ကြီး ဦးစီးမှူးများဖြင့် မကွေးမြို့ ကုန်သည်ကြီးများအသင်းခန်းမ၌  ယနေ့ မွန်းလွဲ ၁ နာရီက အလုပ်သမားရေးရာ ကိစ္စရပ်များ အသိပညာပေး ဆွေးနွေးပွဲ  ကျင်းပခဲ့ရာ တိုင်းဒေသကြီးမကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူအင်အားဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်ဇော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊အလုပ်ရှင်၊မန်နေဂျာ၊အခြေခံအလုပ်သမား အဖွဲ့အစည်း များမှ ဥက္ကဌ၊ အတွင်းရေးမှူး၊အလုပ်သမားကိုယ်စားလှယ်များ စုစုပေါင်း(၂၅၈)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်က အစိုးရသစ်လက်ထက်တွင် ပြည်သူလူထုအကျိုး အတွက် အလေးထားဆောင်ရွက်ပေးလျှက်ရှိရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ပထမရက်(၁၀၀) စီမံကိန်းတွင် အလုပ်သမားရေးရာ အသိပညာပေး ဆွေးနွေးပွဲများ ၊တိုင်းနဲ့ပြည်နယ်အနှံ့ဆောင်ရွက်ရန် ပါရှိကြောင်း၊ ဦးစီးဌာနအလိုက် တာဝန်ယူ စည်းကြပ်ရသည့် ဥပဒေ၊နည်းဥပဒေများအပေါ် အလုပ်ရှင်၊ အလုပ်သမားများ ကောင်းစွာ သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သည့် အငြင်းပွားမှု များပြားနေမှု၊ အချိန်ပို လုပ်ကိုင်ရမှု၊ လုပ်ငန်းခွင်အတွင်း ဆက်ဆံရေး မပြေလည်မှု၊လုပ်ငန်းခွင် စည်းကမ်းများကို အလုပ်သမားများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှု အားနည်းမှု၊ အလုပ် သမားများ ကျွမ်းကျင်မှု စွမ်းရည်မြင့်မားလာစေရေး၊ကျွမ်းကျင်မှုမြင့်မား လာသည်နှင့်အမျှ  သင့်တင့် မျှတသည့် လုပ်ခလစာ ခံစားရရှိရေး ဆောင်ရွက်ပေးရန်  လိုအပ်မှု၊လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်း ရှင်းရေး ကျန်းမာရေးနှင့် သက်သာချောင်ချိရေးကို အလေးထားလိုက်နာ ဆောင်ရွက်ရန် လိုအပ်မှု၊ အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးပါက အလုပ်ရှင်များ နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှု၊ အလုပ်သမားရေးရာ အငြင်းပွားမှု  ရှိပါက တည်ဆဲဥပဒေနှင့်အညီ လုပ်ငန်းခွင်မပျက် စေ့စပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ရန် လိုအပ်မှု၊ စက်ရုံပြင်ပထွက်၍ အင်အားသုံးတောင်းဆိုခြင်း၊လုပ်ငန်းခွင် ၀င်ရောက်လိုသူများကို ပိတ်ဆို့တားဆီးမှုများသည် မိမိစက်ရုံအတွက်သာမက စက်မှုဇုန် ဒေသတစ်ခု လုံးကိုပါ မလိုလားအပ်သည့် သက်ရောက်မှု ရှိစေကြောင်း နားလည်သဘောပေါက်ပြီး စိတ်စေတနာ ကောင်းများဖြင့် မိမိစက်ရုံ၊ အလုပ်ရုံ၊လုပ်ငန်းဌာနကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံခြားသား ပညာရှင်များ ကြီးကြပ်သူများ အနေဖြင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်လိုအပ်ပြီး သိက္ခာရှိသော လုပ်ငန်းအဖြစ် ရပ်တည်နိုင်ရန် လိုအပ်မှုတို့ကို ချပြ ဆွေးနွေးခဲ့ပြီး အစိုးရ၊အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက် ခြင်းအားဖြင့် ရလဒ်ကောင်းများရရှိနိုင်ကြောင်း ရှင်းလင်း၍ ဦးစီးဌာန အဖွဲ့များမှ သက်ဆိုင်ရာ ဥပဒေများကို  Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသူများက သိရှိလို၍ မေးမြန်းသည်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment