မကွေး ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် မကွေးတက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံအဆင့် ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ်(၁)၊အမှတ်စဉ်(၂) သင်တန်း ဆင်းပွဲ အခမ်းအနားအား မကွေးတက္ကသိုလ် စာသင်ခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့ ညနေ(၄)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မကွေးတက္ကသိုလ် ကြက်ခြေနီအသင်းနာယက ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာသက်လွင်က အဖွင့်အမှာစကးပြောကြားရာတွင် “ ကြက်ခြေနီအသင်းကြီးရဲ့ မျှော်မှန်းချက်ကတော့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘေးဒုက္ခကျရောက်လွယ်သူများနှင့် ဘေးအန္တရာယ်ကျရောက်နေသူများအတွက် အများပြည်သူ တို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်တဲ့ လူမှုဂရုဏါလုပ်ငန်းများ အချိန်အခါမရွေးလုပ်ဆောင်တဲ့ ထိပ်တန်းအဖွဲ့အစည်း ဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မောင်တို့၊မယ်တို့အနေနဲ့ မွန်မြတ်သန့်စင်တဲ့ ကြက်ခြေနီလုပ်ငန်းများရဲ့ မျှော်မှန်းချက်တွေကို ကြင်နာသနား၊ဂရုဏါထားတဲ့စိတ်နဲ့ လူတိုင်းကို မေတ္တာစိတ်ဖြင့် ကူညီရင်း အကောင်အထည် ဖေါ်ကြပါ ” ဟု တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဦးစီးမှူးဒုတိယတန်း ဦးအောင်စိုး က သင်တန်းဆင်းအမှာစကားပြောကြားပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းသား၊ကျောင်းသူများတက်ရောက် ခဲ့သည့် သင်တန်းအမှတ်စဉ်(၁)၊အမှတ်စဉ်(၂)တို့မှ သင်တန်းသူ၊သင်တန်းသားများကိုယ်စား သင်တန်းသား နှစ်ဦး အား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်တန်းများတွင် ရေးဖြေစာမေးပွဲ ထူးချွန်ဆု ရရှိခဲ့သော သင်တန်းသားများအား ကြက်ခြေနီအသင်းနာယက ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာသက်လွင် က ဆုများပေးအပ်ခြင်း ၊ သင်တန်းဆရာများ နှင့် သင်တန်းတွင်သရုပ်ပြပေးခဲ့ကြသည့် ကြက်ခြေနီကြီးကြပ်မှု ကော်မတီတာဝန်ရှိသူများအား မကွေးတက္ကသိုလ်ကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာချောခင် က ဂုဏ်ပြု လက်ဆောင် ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
၁၉၃၇ ခုနှစ်ကစတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူမှုဂရုဏါ လုပ်ငန်း များကို ဆင်းရဲဒုက္ခနည်းပါးသက်သေစေရန် ဆိုသည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးမြှင့်တင်ရန် ၊ ရောဂါဘေးကြိုတင်တားဆီးရန် နှင့် ဘေးဒုက္ခကျရောက်သူများကို ကူညီပေးရန် ဆိုသည့် လုပ်ငန်းစဉ်(၃)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)
0 comments:
Post a Comment