Wednesday, June 15, 2016

UNOPS မှဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲအဆောက်အဦများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်


ငဖဲ     ဇွန်     ၁၄
မင်းဘူးခရိုင် ငဖဲမြို့နယ် ဆင်ချည်တိုင် ကျေးရွာအုပ်စု ကုန်းသာကျေးရွာတွင် UNOPS (ကုလသမဂ္ဂစီမံကိန်းလုပ်ငန်းများဆောင်ရွက်မှုရုံး)မှ ဆောက်လုပ်လှူဒါန်းသော ကျေးလက်ကျန်းမာ ရေးဌာနခွဲများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျန်းမာရေးဌာနခွဲ အဆောက်အဦရှေ့တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ခင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်းက တစ်နိုင်ငံလုံးပြည်သူ လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ရာတွင် ကျေးလက်ဒေသကို ပိုမိုအလေးထားပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊UNOPS မှ ဒါရိုက်တာမစ္စတာ နီကိုလာစ်ဂျော့က ကျေးလက်ကျန်းမာရေး ကဏ္ဍပိုမိုစောင့်ရှောက်မှုပေးနိုင်ရန် အဆောက်အဦသစ်များ ဆောက်လုပ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ 3MDG FMO မှ ဒေါက်တာကျော်ညွှန့်စိန်က 3MDG ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး ကုန်းသာကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲအား UNOPS မှProject Manager Mr.Yoga Nanda က ပေးအပ်ရာ မကွေးတိုင်းဒေသကြီး ဒုတိယ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က လက်ခံရယူသည်။
ဆက်လက်၍ ကျေးရွာကျန်းမာရေးဌာနခွဲများအား ဆောက်လုပ်နိုင်ရန် မြေနေရာအလှူရှင် (၅)ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ကုန်းသာကျေးရွာကျန်းမာရေးဌာနခွဲ အဆောက်အဦ သစ်အား သယံဇာတ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်နှင့် လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာ ခင်မောင်အေး၊ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးလွင်ငြိမ်း၊ UNOPS မှProject Manager Mr.Yoga Nanda နှင့်3MDG FMO မှ ဒေါက်တာကျော်ညွှန့်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မကွေးတိုင်းဒေသကြီး ဒုတိယ တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမွန်မွန်မြင့်က နိဂုံချုပ် အမှာစကားပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောက ကျေးရွာအုပ်စု အတွင်းရှိ ကျေးလက်နေပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိမည် ဖြစ်၍ UNOPS မှ ဒါရိုက်တာမစ္စတာ နီကိုလာစ်ဂျော့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည် ပြောကြားခဲ့သည်။
ငဖဲမြို့နယ်တွင် ကုန်းသာ၊ ရှောက်တောင်၊ သာယာကုန်းနှင့် ဆုံကုန်းကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၄)ခုအား  UNOPS မှ ဦးစီး၍ တပြိုင်နက် ဆောက်လုပ်လှူဒါန်းပြီး အဆောက်အဦ မှာ အလျား ၄၄ ပေ၊အနံ ၃၀ ပေနှင့် ၀န်ထမ်းအိမ်ယာ အလျား ၄၀ ပေ၊အနံ ၂၄ ပေရှိ သံကူကွန်ကရစ် တစ်ထပ်အဆောက်အဦဖြစ်ပြီး (၁၄-၃-၂၀၁၅)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁၄-၁၂-၂၀၁၅)ရက်နေ့တွင် အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment