Saturday, June 11, 2016

စေတုတ္တရာမြို့တွင် ကျောက်စီရေကာတာအား ရေဝင်ရောက်တိုက်စားပျက်စီးပြီး မြို့တွင်းသို့ ရေဝင်ရောက်ကာ ပျက်စီးနိုင်သည့်အတွက် ပြည်သူလူထုက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း မြို့ခံပြည်သူတစ်ဦးပြောကြား





စေတုတ္တရာ     ဇွန်     ၁၀
၂၀၁၅-ခုနှစ် ဇူလှိုင်လတွင် ရေကြီးစဉ်က စေတုတ္တရာမြို့ မြို့ပြင် ကပစ လမ်းအား ဆီမီးချောင်း ရေတိုက်စားမှု ဖြစ်ပွားခဲ့သည့်အတွက် ကပစရဲဘော်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံပြည်သူများက ရေတိုက်စားမှုကာကွယ်ရန် သဲအိတ်ချကာကွယ်ဆောင်ရွက်နေစဉ် မြို့ဝင် တာဘောင်လမ်း ရေကျော်နေ၍ တာဘောင်သို့ ဆက်လက်သဲအိတ်ချခြင်း၊ တာဘောင်မြေဖို့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နောက်တစ်နေ့တွင် ရေအဆမတန်များပြားကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် အတွက် ဝဏ္ဏရပ်ကွက်   အနောက်ဘက်          ရေကာတာ(၃)ချက်          ကျိုးပေါက်ပျက်စီးခဲ့သည်။
          စေတုတ္တရာမြို့၌ ရေကြီးနစ်မြုပ်မှုဒဏ်ခံရပြီး ပြန်လည်ထူထောင်ရေးကာလတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လာရောက်လှူဒါန်းမှုအတွက် ဆွေးနွေးညှိနိုင်းရာ လွှတ်တော်ရံပုံငွေသိန်း ၅၀ ဖြင့်တည်ဆောက်ထားသော ဝဏ္ဏရပ်ကွက်အနောက်ဖက် ရေကာတာကျိုးပျက်မှုအား ပြန်လည် တည်ဆောက်ရန် ငွေအင်အားမတတ်နိုင်သည့်အတွက် လှူဒါန်းနိုင်ပါက လှူဒါန်းပေးနိုင်ရန် တင်ပြချက် အပေါ် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ၂၇၉ သိန်းတန် ရေကာတာကျောက်စီ ဆောက်လုပ်ရန် လှူဒါန်းခဲ့သည့်အတွက် အဆိုပါ ရေကာတာအား ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုအခါ   မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ ဆီမီးချောင်း အတွင်း အရှိန်ပြင်းစွာစီဆင်းလာသည့်အတွက်  ကပစ လမ်းအား ရေစတင်တိုက်စားနေပြီး ဆီမီးချောင်းကမ်း ပါးနှင့်လမ်းမှာ ဝါးတစ်ပြန်အကွာခန့်တွင် ရောက်ရှိနေပြီး ကပစ မြို့ရှောင်လမ်းအား ဒီထက်ရေကြီး တိုက်စားမှုရှိခဲ့ပါက ရဲစခန်းအနီး (ယခင်ဆီမီးချောင်းနေရာ) ဆီမီးချောင်းရေရောက်ရှိကာ ယာမြေ၊ လယ်မြေများနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလှူဒါန်းသော ၂၇၉ သိန်းတန် ကျောက်စီရေကာ တာအား ရေဝင်ရောက်တိုက်စားပျက်စီးပြီး မြို့တွင်းသို့ရေဝင်ရောက်ကာ ပျက်စီးနိုင်သည့်အတွက် စေတုတ္တရာမြို့မှ တာဝန်ရှိပဂ္ဂိုလ်များ၊ အရပ်ဖက်အဖွဲ့အစည်းပေါင်းစုံများနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နေပြည်သူလူထုများအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက် သင့်ကြောင်း မြို့ခံပြည်သူတစ်ဦးက ပြောကြားကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment