Tuesday, June 14, 2016

လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများ ကျေးလက်ပြည်သူအကျိုး ကွင်းဆင်းဆောင်ရွက်


မကွေး     ဇွန်      ၁၄
မကွေးတိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ်မြေ၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးလှဆန်းနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကာ ကျေးရွာပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို မကွေးမြို့နယ် တပ်ကုန်းကျေးရွာ အုပ်စု အင်းနက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။
ရှေးဦးစွာ UNICEF ၏ထောက်ပံ့မှုဖြင့် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ မကွေးမြို့နယ် တာဝန်ခံ ကိုကျော်သူက  တပ်ကုန်းကျေးရွာ ကျေးရွာစာသင် ကျောင်းတွင်  ၄ လက်မပိုက် စက်ရေတွင်းနှင့်အင်းနက်ကျေးရွာတွင် ၂ လက်မပိုက် စက်ရေတွင်းများကို ရေပိုက်လိုင်းများဖြင့် စာသင်ကျောင်း၊ကျေးရွာအရောက် ဖြန်ဝေပေးနိုင်ခဲ့ပြီး  ရေကော်မတီ ဥက္ကဌထံသို့ လှူဒါန်းထား သော စက်ရေတွင်းအား ရေရှည်ထိန်းသိမ်းရန် လွဲပြောင်းပေးအပ်ပြီး ရပ်မိရပ်ဖ ဦးအောင်ပန်းက စက်ရေတွင်းလှူဒါန်းမှုနှင့် ကွင်းဆင်းဆောင်ရွက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ဦးစီးမှူး ဦးအောင်စိုးက စားသုံးသူကာကွယ်ရေး ဥပဒေ၊ဥပဒေ၏ရည်ရွယ်ချက်၊စားသုံးသူအခွင့်အရေး၊စားသုံးသူတာဝန်နှင့် စားသုံသူအငြင်းပွားမှု ဖြေရှင်းရေး၊ အန္တရာယ်ဖြစ်စေသော ဆိုးဆေး၊ဓာတုဆေးများပါ အစားအစာ များ မစားသုံးရန် စသည်ဖြင့် ကျေးရွာပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြော ကြားသည်။
၎င်းနောက် မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်းက လွှတ်တော်အတွေ့အကြုံများကို အကျယ်တ၀င့် ရှင်းလင်းဆွေးနွေးတင်ပြပြီး စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင်(မြေဆီလွှာ/ပိုးမွား) ဦးစိုးသွင်ဦးမောင်က ဆီထွက်သီးနှံ မြေပဲ၊နှမ်းစိုက်တောင်သူများ အတွက် စိုက်ပျိုးရေး၊ သဘာဝမြေဆွေး၊ အဏုဇီဝ မြေသြဇာ၊ ဓါတ်မြေသြဇာ၊ ရွက်ဖြန်းဆေးများ သတ်မှတ်ချိန်ကာလအတွင်း သုံးစွဲရန်၊သုံးစွဲနည်း၊နည်းပညာရပ်များကို ဟောပြာပို့ချသွားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး အရေပြား ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ မြင့်အောင်(ငြိမ်း)က AIDS ခုခံအားကျဆင်းစေသောရောဂါနှင့် ကာလ သားရောဂါအကြောင်းကို လည်းကောင်း၊ ကျန်းမာရေး ဗဟုသုတများနှင့်ပတ်သက်၍ အသိပညာ ပေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျေးရွာပြည်သူများက မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်မေ၀င်းထွန်း(ငြိမ်း)ဓာတ်ခွဲမှူး၊ ဦးမြင့်အောင်(ငြိမ်း)ဓာတ်ခွဲ ပထမတန်း တို့မှ ပြည်သူ(၁၀၆)ဦး တို့အား သွေးအမျိုးအစား ခွဲခြားခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်းနှင့် ကျေးရွာ ရပ်မိရပ်ဖ ဦးလှစိုးက ခုလို ကျေးရွာအရောက် လာရောက်ကာ ဆောင်ရွက်ပေးခဲ့လို့ ကျေးရွာပြည်သူများအနေဖြင့် စိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေး အသိပညာ ဗဟုသုတတွေ များစွာ ရရှိစေတဲ့အတွက်  အထူးပင် ကျေးဇူးတင်ပါတယ် ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။
သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment