Wednesday, May 4, 2016

ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ (ဓာတ်အား စနစ် ပြတ်တောက်မှု - System Break)

System Breakdown ဖြစ်ရခြင်း
အကြောင်း လေ့လာနိင်ဖို့
MOI Webportal Myanmar
8 hrs ·
ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍
(ဓာတ်အား စနစ် ပြတ်တောက်မှု - System Break)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဝေယံ
ဟာ...မီးပျက်သွားပြီ..ဒီတစ်ခါပျက်သွားတာ တစ်မြို့လုံး မှောင်သွားတာ ပဲ... ဘောလုံးပွဲကြည့်ကောင်းနေတုန်းမို့ ဆတ်တငံ့ငံ့...ပူအိုက်လို့ လေအေးစက်..ပန်ကာလေအကူနဲ့ နေရသူတွေကလည်း အိမ်အပြင်ထွက် ကြရ...ထမင်း၊ ဟင်း မချက်ရသေးသူတွေကလည်း မီးသွေးဖိုပဲ မီးမွှေးရ မလိုလို...ဘာကြောင့် မီးပျက်ရတာလဲ...လျှပ်စစ်ရုံးကို ဖုန်းဆက်...လျှပ်စစ်ဌာနတွေရဲ့ Website တွေကြည့်ရ....
တခြားမြို့တွေလည်း မီးလာသလား ဖုန်းဆက်မေးရ၊ Facebook ကြည့်ကြနဲ့၊ မြို့တိုင်းမီးပျက်သွားတယ်တဲ့။ ဓာတ်အားစနစ် System Break ဖြစ်သွား တယ်တဲ့။ ဓာတ်အားစနစ် System Break ဆိုတာဘာလဲ။ System ဆိုတဲ့ဟာကြီး ကျိုးပဲ့သွားတာလား၊ ပေါက်ကွဲသွားတာလား။ ဘာကြောင့် System Break ခဏခဏ ဖြစ်နေရတာလဲ။ ပြုပြင်မှုတွေ မလုပ်နိုင်ကြလို့လား။ System Break အကြောင်း ဂဃနဏ သေချာမသိကြသော်လည်း System Break ဆိုသည်နှင့် တစ်မြို့လုံးဖြစ်စေ၊ မြို့များစွာဖြစ်စေ၊ တစ်နိုင်ငံလုံးဖြစ်စေ ဓာတ်အားပြတ်တောက်သွားမှု ခံစားကြရသည်ကိုတော့ သိနေကြသည်။
ဓာတ်အားပြတ်တောက်ရခြင်း (လျှပ်စစ်မီးပြတ်ခြင်း)များမှာ ဓာတ်အား ပေးစက်ရုံကြောင့်လား။ ဓာတ်အားပို့လွှတ်ရေး လိုင်းတွေကြောင့်လား။ မြို့တွင်းဖြန့်ဖြူးရေး လိုင်းတွေကြောင့်လား။ ထရန်စဖော်မာကြောင့်လား စသည်ဖြင့် အကြောင်းအရာများစွာရှိနိုင်သည့်အနက် ဓာတ်အားစနစ် ပြတ်တောက်မှု (System Break)သည် ဓာတ်အားသုံးစွဲသူအားလုံး ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ရပါသည်။
ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များမှ ဓာတ်အားစနစ် ဓာတ်အား ပြတ်တောက်မှု (System Break)ကြောင့် ဆိုတာပဲသိရှိပြီး ဘာကြောင့်ဖြစ်ရတယ် ဆိုတာကို သိစေချင်ပါသည်။
ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု(System Break)
တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီး/ပြည်နယ်များသို့ နိုင်ငံတော်ဓာတ်အားစနစ် (National Grid)က ပေးပို့ထားသော လျှပ်စစ်ဓာတ်အား တစ်စိတ် တစ်ပိုင်း ပြတ်တောက်ခြင်း၊ ဓာတ်အားစနစ်တစ်ခုလုံး ပြတ်တောက် သွားခြင်းတို့ကို System Break ဟု ခေါ်ပါသည်။
ဓာတ်အားစနစ် တစ်စိတ်တစ်ပိုင်း ပြတ်တောက်ပါက ဒေသအချို့ (တိုင်းဒေသကြီး/ပြည်နယ်အချို့) ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်စေပြီး ဓာတ်အားစနစ်တစ်ခုလုံး ဓာတ်အားပြတ်တောက်ပါက ဓာတ်အားစနစ်က ပေးထားသော တစ်နိုင်ငံလုံးရှိ မြို့များ၊ ကျေးရွာများအားလုံး ဓာတ်အား ပြတ်တောက်မှု ဖြစ်ပေါ်ပါသည်။ ဓာတ်အားပြတ်တောက်မှုနှင့်ဆက်နွှယ်၍ ဓာတ်အားစနစ်အကြောင်းကိုလည်း သိရှိရန်လိုအပ်ပါသည်။
ဓာတ်အားစနစ်(National Grid)
လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပေးသော ရေအားစက်ရုံ၊ သဘာဝ ဓာတ်ငွေ့စက်ရုံ၊ ကျောက်မီးသွေးစက်ရုံ စသည့် စက်ရုံအသီးသီးတို့က ထုတ်လုပ်သော (Generation) လျှပ်စစ်ဓာတ်အားများကို မဟာဓာတ်အားလိုင်းများဖြင့် ချိတ်ဆက်ပြီး နိုင်ငံအတွင်း ဓာတ်အားသုံးစွဲသောဒေသများ(တိုင်းဒေသကြီး/ ပြည်နယ်)သို့ လျှပ်စစ်ဓာတ်အားများပို့လွှတ်ရန်(Transmission) ဗို့အားမြင့် ဓာတ်အားလိုင်းများ၊ ပင်မဓာတ်အားခွဲရုံများတည်ဆောက်ကာ လျှပ်စစ် ဓာတ်အားများကို ပို့လွှတ်ခြင်း(Transmission)ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကထွက်ရှိသော ဓာတ်အားများကို နိုင်ငံအတွင်း ဒေသများသို့ပေးပို့ရာတွင် ဓာတ်အားခွဲရုံကြီးများ (၂၃ဝ ကေဗွီ၊ ၁၃၂ ကေဗွီ)၊ ဗို့အားမြင့် ဓာတ်အားလိုင်းကြီးများ (၂၃ဝ ကေဗွီ၊ ၁၃၂ ကေဗွီ)များတည်ဆောက်၍ နိုင်ငံတော်ဓာတ်အားစနစ် (National Grid)ဖြင့် ပေးပို့လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ၂၃ဝ ကေဗွီ ဓာတ်အားခွဲရုံ ၃၇ ရုံ၊ ၁၃၂ ကေဗွီ ဓာတ်အားခွဲရုံ ၂၃ ရုံ၊ ၂၃ဝ ကေဗွီ ဓာတ်အားလိုင်း ၂၄၈၉ ဒသမ ၃၂ မိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်း ၁၃၆၁ ဒသမ ၆၅ မိုင် တည်ဆောက်ပြီးဖြစ်ပါသည်။
ဓာတ်အားစနစ် (National Grid )ဓာတ်အားပြတ်တောက်ရသည့် အကြောင်း အရင်းများ
ဓာတ်အားစနစ်(National Grid)များ တည်ဆောက်ထားသော နိုင်ငံများတွင် ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှုများ ရှိကြပါသည်။ ဓာတ်အားပြတ်တောက်မှု ဖြစ်ရသည့် အကြောင်းအရင်းများမှာ-
(က) ဓာတ်အားခွဲရုံများ ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခြင်း။
(ခ) ဓာတ်အားလိုင်းများ ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခြင်း။
(ဂ) ဓာတ်အားထုတ်စက်ရုံများ ချွတ်ယွင်းမှုကြောင့် ဖြစ်ပွားခြင်း။
(ဃ) ဓာတ်အားထုတ်လုပ်နိုင်မှုထက် ပို၍သုံးစွဲမှုကြောင့် ဖြစ်ပွားခြင်း။
(င) မုန်တိုင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခြင်း။
(စ) မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်ပွားခြင်း။
(ဆ) အပူလှိုင်းများ ဖြတ်သန်းခြင်းကြောင့် ဖြစ်ပွားခြင်း။
(ဇ) အဖြေရှာမသိသော ယာယီလိုင်းအပြစ်များကြောင့် ဖြစ်ပွားခြင်း။
(ဈ) အခြားအကြောင်းအရာများကြောင့် ဖြစ်ပွားခြင်း။
မှတ်ချက်။ (က မှ ဃ အထိ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များရှိခြင်း၊ င မှ ဆ အထိ သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်း။)
ဖော်ပြပါ ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှုများအနက် ဓာတ်အားစနစ်ကို တောင့်တင်းခိုင်မာစွာ တည်ဆောက်ထားသော ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမှတ်စဉ်(က)မှ(ဃ)အထိ ဓာတ်အားစနစ်အတွက် ဓာတ်အားခွဲရုံ၊ ဓာတ်အား လိုင်းများတွင် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကြောင့် ဖြစ်ပွားမှုနည်းပါသည်။
ယင်းနိုင်ငံများသည် ဓာတ်အားလုံလောက်စွာ ထုတ်လုပ်နိုင်သည့် အတွက် မြန်မာနိုင်ငံ၌ နွေရာသီတွင် ဖြစ်ပေါ်လေ့ရှိသော အမှတ်စဉ် (ဃ)ပါ ဓာတ်အား ထုတ်လုပ်မှုထက် ပို၍သုံးစွဲမှုကြောင့် ဓာတ်အားပြတ်တောက်မှုမျိုး မရှိကြောင်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံတွင် ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှု
မြန်မာနိုင်ငံအနေဖြင့် ဓာတ်အားစနစ်ကို ခိုင်မာအောင်တည်ဆောက်ရန် လိုအပ်နေသည့်အတွက် အမှတ်စဉ်(က)မှ (ဈ)အထိ အချက်အားလုံးဖြင့် ဓာတ်အားစနစ် ပြတ်တောက်မှု System Break ဖြစ်ပွားပါသည်။ မြန်မာနိုင်ငံ၌ ဓာတ်အားလိုင်းများ ချွတ်ယွင်းမှုတွင် သဘာဝဘေးဒဏ်အပြင် ဓာတ်အားလိုင်းတိုင်များ ဖျက်ဆီးခံရမှုများလည်း ပါဝင်ပါသည်။
အမှတ်စဉ်(က)မှ(ဃ)အထိ တည်ဆောက်မှုဖြည့်ဆည်းရန် လိုအပ်ချက်ကြောင့် ဓာတ်အားစနစ် ဓာတ်အားပြတ်တောက်မှုသည် ၅ဝ ရာခိုင်နှုန်းကျော် အထိ ပါဝင်ပါသည်။ အထူးသဖြင့် နွေရာသီတွင် ဓာတ်အားထုတ်လုပ်မှုထက်ပို၍ သုံးစွဲမှုများကြောင့် ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များ တွေ့နေရပါသည်။
မြန်မာနိုင်ငံတွင် ဓာတ်အားစနစ်မှ ဓာတ်အားပြတ်တောက်မှုအနေဖြင့် ၂ဝ၁၁ ခုနှစ်တွင် ၁၂ ကြိမ်၊ ၂ဝ၁၂ ခုနှစ်တွင် ၁၄ ကြိမ်၊ ၂ဝ၁၃ ခုနှစ်တွင် ၇ ကြိမ်၊ ၂ဝ၁၄ ခုနှစ်တွင် ၁ဝ ကြိမ်၊၂ဝ၁၅ ခုနှစ်တွင် ၈ ကြိမ်၊ ၂ဝ၁၆ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့အထိ ၇ ကြိမ် ဖြစ်ပေါ်ခဲ့ပါသည်။
မြန်မာနိုင်ငံ ဓာတ်အားစနစ်၏အားနည်းချက်များနှင့် ပြုပြင်ရန်အချက်များ
မြန်မာနိုင်ငံတွင် ဓာတ်အားပြတ်တောက်မှု (System Break) ဖြစ်ပေါ် ရခြင်းမှာ ဓာတ်အားစနစ်တွင် အားနည်းချက်များရှိနေပြီး ဖြည့်ဆည်းဆောင်ရွက် ပေးရန် များရှိနေပါသည်။ ရန်ကုန်မြို့၏ ဓာတ်အားသုံးစွဲမှုသည် ၁၂၅ဝ မဂ္ဂါဝပ် ခန့်ရှိပြီး ရန်ကုန်မြို့ပေါ်ရှိ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု သည် ၅ဝဝ မဂ္ဂါဝပ်ခန့်သာ ရှိသည့်အတွက် လိုအပ်နေသော ဓာတ်အား ကို နိုင်ငံတော်ဓာတ်အားစနစ်က ရယူသုံးစွဲရပါသည်။
ရန်ကုန်မြို့အတွက် လိုအပ်သောဓာတ်အားကို မိတ္ထီလာ၊ ပျဉ်းမနား၊ တောင်ငူ၊ ရန်ကုန် ၂၃ဝ ကေဗွီ ဓာတ်အားလမ်းကြောင်း (၁)နှင့် မိတ္ထီလာ၊ တောင်တွင်းကြီး၊ ရွှေတောင်၊ ရန်ကုန် ၂၃ဝ ကေဗွီ ဓာတ်အား လမ်းကြောင်း(၂)တို့မှ ဓာတ်အားစီးဆင်းနိုင်သည့် ဝန်အားများအရ ရယူသုံးစွဲပါသည်။
ဓာတ်အားလမ်းကြောင်းတစ်ခု ချွတ်ယွင်းသွားပါက ကျန်သောဓာတ်အား လမ်းကြောင်းက ဓာတ်အားပိုမို ရယူသုံးစွဲနိုင်ခြင်းမရှိသောကြောင့် ဓာတ်အား ပြတ်တောက်မှုဖြစ်ရပါသည်။ ယင်းဓာတ်အားလမ်းကြောင်း နှစ်ခုရှိ ဓာတ်အား စီးဆင်းနိုင်မှုနည်းသော အပိုင်းများ (လမ်းကြောင်း (၁)တွင် ပျဉ်းမနားမြို့နှင့် တောင်ငူမြို့အကြား၊ လမ်းကြောင်း(၂) တွင် တောင်တွင်းကြီးမြို့နှင့် ရွှေတောင် မြို့အကြား)တွင် ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်ပေးပါက ဓာတ်အား လိုင်းလမ်းကြောင်းတစ်ခု ချွတ်ယွင်းပါက ကျန်လိုင်းကြောင်းတစ်ခုမှ ဓာတ်အား လုံလောက်စွာ ရယူနိုင်မည်ဖြစ်၍ ဓာတ်အားပြတ်တောက်မှု လျော့နည်းမည် ဖြစ်ပါသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့စက်ရုံများ၏ ဓာတ်အားထုတ်လုပ် မှုမှာ ၅ဝဝ မဂ္ဂါဝပ်ခန့်သာရှိသဖြင့် ဓာတ်အားလိုင်းများ ချွတ်ယွင်းချိန်တွင် ရန်ကုန်မြို့ ဓာတ်အားမပြတ်တောက်အောင် ထိန်းထားနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားရန် လိုအပ်ပါသည်။
ဓာတ်အားစနစ် တည်ငြိမ်မှု ရှိစေရန်အတွက် ဓာတ်အားစနစ်တွင် အရန်ဓာတ်အား(Operation Reserve Power)အဖြစ် သုံးစွဲဓာတ်အား၏ ၁ဝ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ ထားရှိရပါမည်။ သို့မှသာ ဓာတ်အားပေးစက်ရုံ တစ်ရုံ ချွတ်ယွင်းမှုဖြစ်ခြင်း၊ သတ်မှတ်ဝန်အားထက် ဓာတ်အားပိုမိုသုံးစွဲမှုများ ရှိလာပါက ဓာတ်အားပြတ်တောက်မှုမဖြစ်စေရန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် နွေရာသီကာလ မတ်၊ ဧပြီ၊ မေလများတွင် မိုးကာလထက် ဓာတ်အား ၁၂ ဒသမ ၅ ရာခိုင်နှုန်းခန့် ပိုမိုသုံးစွဲခြင်းကြောင့် ဓာတ်အားပေးစက်ရုံများသည် စွမ်းအားပြည့် လည်ပတ်ပေးရပါသည်။
ဓာတ်အားပေးစက်ရုံအားလုံး စွမ်းအားပြည့် မောင်းနှင်ပေးထားချိန်တွင်လည်း ဓာတ်အားသုံးစွဲမှုများ တိုးတက်လာသည့်အတွက် ထုတ်လုပ်ဓာတ်အားထက် သုံးစွဲဓာတ်အား ပိုမိုသွားခြင်း၊ ဓာတ်အားပေးစက်ရုံတစ်ရုံ ချွတ်ယွင်း၍ ဓာတ်အား ထုတ်လုပ်မှုလျော့နည်းသွားခြင်းတို့ကြောင့် ဓာတ်အားစနစ် တည်ငြိမ်မှုမရှိ တော့ဘဲ ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ပါသည်။
ယင်းသို့ မဖြစ်စေရန်အတွက် ထုတ်လုပ်ပေးနိုင်သော ဓာတ်အားပေါ် မူတည်၍ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် သုံးစွဲမှုဝန်အားများလျှော့၍ အလှည့်ကျ ဓာတ်အားပေးစနစ်ဆောင်ရွက်ရပါသည်။ ၂ဝ၁၂ ခုနှစ် နွေရာသီတွင် ဓာတ်အားထုတ်လုပ်နိုင်မှုထက် ဓာတ်အားသုံးစွဲမှုက များပြားသည့်အတွက် အလှည့်ကျ ဓာတ်အားပေးစနစ်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။
လက်ရှိ ဓာတ်အားသုံးစွဲနေသောပြည်သူများ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဓာတ်အား မပြတ်တောက်ရေးနှင့် ဓာတ်အားမရရှိသေးသောပြည်သူ များ ဓာတ်အားရရှိရေးအတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို တည်ဆောက်သွားရန် လိုအပ်လျက်ရှိပါသည်။
သုံးစွဲနေသော ဓာတ်အားခွဲရုံ၊ ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုရှိပြီး အရန်ဓာတ်အားခွဲရုံနှင့် အရန်ဓာတ်အားလိုင်း စနစ်များရှိမှသာ ဓာတ်အားပြတ်တောက် မှုလျော့နည်းအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။ အရန်ဓာတ်အားခွဲရုံ မရှိသည့်အတွက် အများပြည်သူ ဓာတ်အားပြတ်တောက်မှုနည်းရန် ဓာတ်အား ခွဲရုံများ ကြံ့ခိုင်ထိန်းသိမ်းမှု၊ ပြုပြင်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန် အားနည်းမှုမျိုး ရှိပါသည်။ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အများပြည်သူ ဓာတ်အားသုံးစွဲမှုနည်းသော ညဥ့်နက်ချိန်ကျမှသာ ဆောင်ရွက်ကြရပါသည်။
လက်ရှိ အသုံးပြုနေသော ဓာတ်အားခွဲရုံများတွင် စက်ပစ္စည်းများ ပြည့်စုံအောင် တပ်ဆင်ရမည်ဖြစ်သော်လည်း ဘဏ္ဍာရေးအခြေအနေအရ ဓာတ်အား ပေးနိုင်ရုံလောက်သာ ဆောင်ရွက်ခဲ့ရသဖြင့် ဗို့အားကျခြင်း၊ ဗို့အားမြင့်တက် ခြင်းများ ဖြစ်ပေါ်မှုများကို ထိန်းသိမ်းပေးနိုင်မှုမရှိခြင်း ဖြစ်ပါသည်။
ဓာတ်အားစနစ်များတွင် အရေးကြီးသည့် အပိုင်းတစ်ခုဖြစ်သော အလိုအလျောက် ဓာတ်အား ထိန်းသိမ်းမှုစနစ် (Power System Control) ပြည့်စုံ စွာ တပ်ဆင်ထားခြင်းဖြင့် ဓာတ်အားစနစ်၏ တည်ငြိမ်မှုကို ထိန်းညှိပေးပြီး ဓာတ်အားပြတ်တောက် မှုလျော့နည်းအောင် ဆောင်ရွက်နိုင် ပါသည်။ ဓာတ်အားလိုင်းတစ်လိုင်း၊ ဓာတ်အားခွဲရုံတစ်ရုံ ချွတ်ယွင်းပါက ဓာတ်အားပေးမှုစနစ် မထိခိုက် စေရေးအတွက် ချွတ်ယွင်းသောအပိုင်းကို အလိုအလျောက် ဖယ်ရှားပေးခြင်းကို ဆောင်ရွက်ပေးပါသည်။
မြန်မာနိုင်ငံ ဓာတ်အားစနစ်တွင် Power System Control စနစ် စတင်ဆောင်ရွက်နေပြီဖြစ်သော်လည်း ဓာတ်အားစနစ် တစ်ခုလုံးအတွက် ပြည့်စုံစွာတပ်ဆင်ရန် လိုအပ်လျက်ရှိပါသည်။
ဓာတ်အားပြန်လည်ပေးနိုင်ရေး ဆောင်ရွက်မှု
ဓာတ်အားစနစ်တွင် ဓာတ်အားပြတ်တောက်မှု(System Break) ဖြစ်ပေါ် ပါက ဓာတ်အား ပြန်လည်ပေးနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံ၊ ဓာတ်အား ခွဲရုံများ၊ ဓာတ်အားလိုင်းများကို အောက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက် ရခြင်းကြောင့် ဓာတ်အားပြန်လည်ရရှိချိန် ကြာမြင့်ခြင်းဖြစ်ပါသည်-
(က) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ ချွတ်ယွင်းမှုရှိ၊ မရှိ စိစစ်ရပါသည်။ ချွတ်ယွင်းမှုရှိသော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများကို ဓာတ်အားစနစ်မှ ချိတ်ဆက်မှုကို ဖြတ်တောက်ရပါသည်။
(ခ) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ ပြန်လည်မောင်းနှင်ပြီး ဓာတ်အားစနစ် နှင့် ချိတ်ဆက်ရန် စောင့်ဆိုင်းရပါသည်။
(ဂ) ရဲရွာ၊ လောပိတ၊ ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံကြီးများက ဓာတ်အားကို သက်ဆိုင်ရာ ဓာတ်အားခွဲရုံများသို့ ဓာတ်အားအရင်ပို့လွှတ်ပါသည်။ ဓာတ်အားခွဲရုံများသို့ ပို့လွှတ်ထားသော ဓာတ်အားများကို ဓာတ်အားစနစ်တွင် ချိတ်ဆက်နိုင်ရေး (Synchronize) ဆောင်ရွက်ရပါသည်။
(ဃ) ကျန်ရှိသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို ဓာတ်အားစနစ်နှင့် ချိတ်ဆက်မှု ဆောင်ရွက်ပါသည်။
အထက်ဖော်ပြပါ ဓာတ်အားစနစ် ဓာတ်အားရရှိရေး ဆောင်ရွက်မှု အဆင့်ဆင့်အတွက် အခြေအနေပေါ်မူတည်၍ အနည်းဆုံး တစ်နာရီမှ သုံးနာရီထိ ကြာမြင့်ပါသည်။ အရန် ဓာတ်အားပေးစနစ်နှင့် ခေတ်မီ Power System Control စနစ် တပ်ဆင်ထားပါက ဓာတ်အားပြန်လည်ပေးနိုင်ရန် ပိုမိုမြန်ဆန်မှု ရှိမည်ဖြစ်ပါသည်။
အခြားနိုင်ငံများ၏ ဓာတ်အားစနစ် ပြတ်တောက်မှုအခြေအနေ
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဓာတ်အားစနစ်တွင်လည်း ဓာတ်အားပြတ်တောက်မှုများ ရှိကြပါသည်။ ၂ဝ၁၂ ခုနှစ် မှတ်တမ်းအရ နိုင်ငံတကာ ဓာတ်အား စနစ် ပြတ်တောက် မှုများကို ဇယားအတိုင်း တွေ့ရှိရပါသည်-
ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် ဓာတ်အားစနစ်အတွင်း သဘာဝဘေးဒဏ်ဖြင့် အကြီးစား ပျက်စီးမှုများကြောင့် ဓာတ်အားပြတ်တောက် ချိန် ကြာမြင့်နိုင်ပါသည်။ သို့သော် အခြားဓာတ်အားပြတ်တောက်မှုဖြစ်စဉ် များတွင် အရန်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ (Operation Reserve Power) တည်ဆောက်ထားရှိမှု၊ အလိုအလျောက်ဓာတ်အားထိန်းသိမ်းမှုစနစ် ထားရှိနိုင်မှုများဖြင့် ဓာတ်အားပြတ်တောက်ချိန် နည်းအောင် ဆောင်ရွက်နိုင်ကြ ပါသည်။
ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများ တိုးတက်တည်ဆောက်လာသည်နှင့်အမျှ ဓာတ်အားစနစ်ကြီးမားလာပြီး ဓာတ်အားပြတ်တောက်မှု ပိုမိုများပြား လာပါသည်။ ဓာတ်အားစနစ်ကြီးမားလာပါက ဓာတ်အားပေးစနစ် (Grid)တစ်ခုတည်းမထားဘဲ ဓာတ်အားပေးနယ်မြေအလိုက် သီးခြားဓာတ်အားစနစ်များ ခွဲခြားတည်ဆောက်ခြင်း၊ သီးခြား(Smart Grid)များ တည်ဆောက်ပြီး ချိတ်ဆက်ခြင်းများ ဆောင်ရွက်ကြပါသည်။ အမေရိကန်နိုင်ငံတွင် ပြည်နယ်အလိုက် ဓာတ်အားစနစ်(Grid) ၄၈ ခု တည်ဆောက်ထားပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်အသုံးပြုကြပါသည်။
ဓာတ်အားမပြတ်စေချင်ဆုံးသူ
ဓာတ်အားပြတ်တောက်မှုကို မဖြစ်ပေါ်စေချင်ဆုံးသောသူများသည် လျှပ်စစ်ဝန်ထမ်းများဖြစ်ကြပါသည်။ ဓာတ်အားပြတ်တောက်ပါက ဖြစ်ပွားသော နေရာရှာဖွေမှု၊ ပြုပြင်မှုများနှင့်အတူ အများပြည်သူနားလည်အောင် ဖြေကြားရှင်းလင်းရပါသည်။ နေပူမိုးရွာမရှောင် အန္တရာယ်ကြားမှ နေ့ရောညပါ ဓာတ်အားပြန်လည်ရရှိရေး ဆောင်ရွက်ကြရပါသည်။
သက်တမ်းကြာသော စက်ပစ္စည်းများ၊ နည်းပညာပိုင်းဆိုင်ရာ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ ဝန်ထမ်းပိုင်း ဖြည့်ဆည်းရန် လိုအပ်ချက်များစွာဖြင့် လက်ရှိ ဓာတ်အားပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်နေသော လျှပ်စစ်ဝန်ထမ်းများအနေဖြင့်လည်း ဗို့အားကောင်းမွန်ရေး၊ ဓာတ်အားမပြတ်တောက်ရေး တို့အတွက် ဓာတ်အားဖြန့်ဖြူးပေးရေးလုပ်ငန်းများကို ၂၄ နာရီ ဆောင်ရွက်နေသော်လည်း မီးသုံးစွဲသူများ၏ဆန္ဒကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန် လိုအပ်ချက်များရှိနေပါသေးသည်။
ဓာတ်အားပြတ်တောက်မှုဖြစ်စဉ်များအပေါ် ဓာတ်အား သုံးစွဲသော ပြည်သူများ ၏ နားလည်ပေးနိုင်မှုကြောင့်လည်း လျှပ်စစ်ဝန်ထမ်းများ၏ ပင်ပန်းမှု ကို ပြေပျောက်စေပါသည်။
အချိန်ပေးရပါမည်
ငွေမရှိ၍ မလုပ်နိုင်ခဲ့မှု၊ ငွေရှိသော်လည်း နေ့ချင်းညချင်း ဆောင်ရွက်နိုင်သော လုပ်ငန်းမဟုတ်၍ အချိန်အတိုင်းအတာတစ်ခုအထိ ပေးရပါမည်။ ဓာတ်အားရရှိသုံးစွဲနေသော ပြည်သူများအတွက် ဓာတ်အားပြည့်ဝစွာ ရရှိရေး၊ မီးမပြတ်တောက်ရေး ဆောင်ရွက်သွားရန်နှင့် ဓာတ်အားမရရှိသေးသော ကျန်ပြည်သူများအတွက် ဓာတ်အားတိုးတက်ထုတ်လုပ်မှု (Generation)၊ ဓာတ်အားပို့လွှတ်မှု(Transmission)နှင့် ဓာတ်အားဖြန့်ဖြူးခြင်း(Distribution) လုပ်ငန်းများကို အချိုးညီစွာတိုးတက်ရေးအတွက် စီမံကိန်းများကို ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများဖြင့် ရေတိုရေရှည်စီမံကိန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ဓာတ်အားလုံလောက်စွာ မထုတ်လုပ်နိုင်သောကာလတွင် ဓာတ်အား သုံးစွဲသူများဘက်ကလည်း ''လိုသလောက်သာသုံး၊ အပိုမဖြုန်းနဲ့''ဆိုသည့် အတိုင်း ချွေတာမှုအလေ့အကျင့်များ
ဆောင်ရွက်ပေးခြင်းဖြင့် နွေရာသီ ကာလ တွင် ဓာတ်အား စနစ်တည်ငြိမ်ရေးကို ကူညီပေးရာရောက် ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

0 comments:

Post a Comment